မန္တလေး မတ် ၂၅
မန္တလေး-သူရဲဈေးရထားလမ်းပိုင်းတွင် မန္တလေးမြို့ပတ် RBE ရထားစတင်ပြေးဆွဲခြင်းကို မတ် ၂၅ ရက် နံနက်ပိုင်းက မန္တလေးဘူတာကြီး စင်္ကြံ(၁)၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက အမှာစကား ပြောကြားပြီး မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက မြို့ပတ်ရထား ပြန်လည်ပြေးဆွဲမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူးတို့က မန္တလေး-သူရဲဈေးလမ်းပိုင်းတွင် ပြေးဆွဲမည့် RBE ရထားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြေးဆွဲမည့် ရထားစက်ခေါင်းအား အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရထားပေါ်တွင် စီးနင်းလိုက်ပါကြသည့် ခရီးသွား ပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ခရီးသည်များအား လက်ပြနှုတ်ဆက်သည်။
မန္တလေးမြို့ပတ်ရထား (မန္တလေး-သူရဲဈေး) ခရီးစဉ်အား ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှစ၍ ယာယီရပ်နားခဲ့ရပြီး ယခုအခါ ကိုဗစ်-၁၉ ရောဂါ ပျံ့ပွားမှု လျော့နည်းလာခြင်းနှင့် ဒေသခံ ပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရန် ရထားလမ်းပိုင်း ကြံ့ခိုင်မှုရှိစေရေး ကွန်ကရစ်ဇလီဖားတုံးများ လဲလှယ်ခြင်း၊ လမ်းခင်းကျောက်များ ထပ်မံဖြည့်တင်း ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ မန္တလေးမြို့ပတ် ရထားသည် မန္တလေးမြို့၏ တိုးတက်များပြားလာသော လူဦးရေနှင့် တိုးချဲ့လာသည့် မြို့ပြ၏ အခြေအနေများကြောင့် မရှိမဖြစ်လိုအပ်လာခြင်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များနှင့် သွားလာခြင်းထက် မြို့ပတ်ရထားဖြင့် ခရီးသွားပါက ကုန်ကျစရိတ် ပိုမိုသက်သာနိုင်ပြီး ပြည်သူများ မန္တလေးမြို့အတွင်း အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးအတွက် ပြန်လည်ပြေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ပြေးဆွဲရာတွင် အမှတ်(မ-၄၁)အဆန် RBE ရထားသည် မန္တလေးဘူတာမှ နံနက် ၇ နာရီတွင် ထွက်ခွာ၍ သူရဲဈေးဘူတာသို့ နံနက် ၉ နာရီတွင်လည်းကောင်း၊ အမှတ်(မ-၄၂)အစုန် RBE ရထားသည် သူရဲဈေးဘူတာမှ မွန်းလွဲ ၂ နာရီတွင် ထွက်ခွာ၍ မန္တလေး ဘူတာသို့ ညနေ ၄ နာရီတွင်လည်းကောင်း အသီးသီး ရောက်ရှိမည် ဖြစ်ပြီး အသွား/အပြန် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့် ရှမ်းစုဘူတာ၊ မြို့ဟောင်းဘူတာ၊ သိုးခြံဘူတာ၊ ကန်သာယာဘူတာ၊ အောင်ပင်လယ်ဘူတာ၊ ယာဉ်ပျံဘူတာ၊ အိုးဘိုဘူတာနှင့် သူရဲဈေးဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း၊ ခရီးသည်တစ်ဦးလျင် ငွေကျပ် ၂၀၀ နှုန်းဖြင့် အသွား/အပြန် ငွေကျပ် ၄၀၀ ကျသင့်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
သတင်းစဉ်


