ပုသိမ် မတ် ၂၅
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော ပုသိမ်ခရိုင် စီမံကိန်းရုံး ဝန်ထမ်းအိမ်ရာသစ် ဖွင့်ပွဲကို မတ် ၂၅ ရက် နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် စီးပွားရေးရာဝန်ကြီးတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ထို့နောက် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက် သည့် ကန်ကြီးထောင့်မြို့နယ်၊ သရက်အင်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ရောက်ရှိပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က နှစ်လက်မအရွယ် ငါးမြစ်ချင်း ကောင်ရေ ၅၀၀၀၀ ကို ငါးမျိုးစိုက်ထည့်ပေးကြသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့နယ် ကျိုက်လတ်-ပေါက်ကျွန်း-စက်ကုန်းလမ်း (ကျီးတောကျေးရွာအပိုင်) ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါလမ်းသည် ၇ မိုင်ရှိ ပြီး ၁ မိုင်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့်လမ်းပိုင်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အလားတူ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပ-ဆ-င လမ်းမှ အူကျွန်း-ကံကွင်း ကွန်ကရစ်လမ်း ဖွင့်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကာ ကွန်ကရစ်လမ်း ခင်းထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ လမ်းသည် ၈ မိုင်ရှည်လျား၍ ၄၄ ဖာလုံအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့်လမ်းပိုင်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


