နေပြည်တော် ဖေဖော်ဝါရီ ၇

 

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့က အစိုးရ နည်းပညာ အထက်တန်း ကျောင်း(နေပြည်တော်)၌ "အမြဲတည်တံ့စေ ပြည်ထောင်စုအမွေ" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကိုကျင်းပရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကြည့်ရှုအားပေးခဲ့သည်။

 

ဦးစွာ ဒုတိယဝန်ကြီးသည် အထက်တန်းကျောင်း စုဝေးခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားထက်သန်စွာ စာစီစာကုံးရေးသားဖြေဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

 

စာစီစာကုံးပြိုင်ပွဲ အပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးက ဆုရရှိသူများကို ဆုများ ပေးအပ် ချီးမြှင့်ပြီး ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်များကို ပေးအပ်လှူဒါန်းခဲ့သည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် အထက်တန်းကျောင်းရှိ စာသင်ခန်းများ၌ စာပေလေ့လာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အင်ဂျင်နီယာဌာန၏ အလုပ်ရုံများကို ကြည့်ရှု စစ်ဆေးကာ ဒေသတွင်း ပြည်သူများ၏ နည်းပညာလိုအပ်ချက်များကို လက်တွေ့ကျကျ ဖြည့်ဆည်းပေးနိုင်မည့်  သုတေသနပရောဂျက်များ ဆောင်ရွက်နိုင်ရေး၊ လက်တွေ့လုပ်ငန်းများဖြင့် ရှင်သန်နေသော အလုပ်ရုံများဖြစ်စေရေး အလေးထား ကြိုးစားဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)