နေပြည်တော် ဖေဖော်ဝါရီ ၆

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီး (ခုတင် - ၁၀၀၀) ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး တက်ရောက်ကြည့်ရှုအားပေးသည်။

စုပေါင်းသွေးလှူဒါန်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်း (၃၃) ဦးတို့က သွေးလှူဒါန်းကြရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး ကြက်ဥ၊ အားဖြည့်အချိုရည်၊ မုန့်နှင့်ရေသန့်၊ ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာများအတွက် သွေးလာရောက်လှူဒါန်းကြသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်း (၃၃) ဦးအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြောင်း သိရသည်။

သတင်းစဉ်