နေပြည်တော် မတ် ၁၀
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆင်သေချောင်းရေကို လျှပ်စစ်ရေတင်စနစ်အသုံးပြု၍ ရှားစေးဖိုကျေးရွာရှိ နွေသီးနှံစိုက်ကွင်းများ ရေစတင် ပေးဝေခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ရှားစေးဖိုကျေးရွာ မူလတန်းကျောင်းဝန်းအတွင်း ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရေအသုံးချသူများအဖွဲ့(WUG) အဖွဲ့ဝင် တောင်သူလယ်သမားများ တက်ရောက်ကြသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က နိုင်ငံတော်အစိုးရက လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊ မြေဆီဩဇာကောင်းမွန်ရေး၊ ရေရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ပြီး ခေတ်မီစိုက်ပျိုးနည်းပညာများ အသုံးချနိုင်ရေးတို့ကို ကဏ္ဍစုံမှ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နေရောင်ခြည် ဆိုလာသုံး ရေတင်စနစ်ဖြင့် ရေတင်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြင့် တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ပြီး တောင်သူဝင်ငွေသုံးဆ ရရှိရေးနှင့် တစ်ဧကချင်း၏ လယ်ယာ ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ လက်ရှိ ဆင်သေချောင်းနှင့် ပလွေးချောင်းတစ်လျောက်၌ ချောင်းပိတ်လုပ်ငန်းနှင့် ရေတင်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ နေပြည်တော် ကောင်စီနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသော ချောင်းပိတ်လုပ်ငန်းနှင့် ရေတင်လုပ်ငန်းများမှ စိုက်ပျိုးမြေ ဧက (၁၈၀၀)ကျော်ကို အကျိုးပြုလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးရှိ ချောင်းပိတ် မြောင်းပိတ်လုပ်ငန်းများမှ စိုက်ပျိုးမြေ ဧက (၈၆၀၀၀၀)ကျော်ကို အကျိုးပြုလျက်ရှိကြောင်း၊ ယခုကျင်းပသည့် ရှားစေးဖို ဆိုလာရေတင်စက်ဖြင့် ရေဆင်းဆည်ရေသောက် မိုင်နာအမှတ်(၅)မြောင်းသို့ သွင်းယူပြီး နွေသီးနှံ (၁၆၆) ဧကကို အကျိုးပြုမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် တွက်ခြေကိုက် အကျိုးရှိမည့် သီးနှံမျိုးများကို ရွေးချယ်စိုက်ပျိုး၍ မိမိတို့ စီးပွားဖြစ်ထွန်းအောင် အားထုတ်ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က တောင်သူများအနေဖြင့် သွင်းအားစု အရင်းအနှီး ခိုင်မာစွာဖြင့် ဈေးကွက်သေချာမှုရှိသော စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေရေးအတွက် လုပ်ငန်းရှင်များနှင့် အကျိုးတူပူပေါင်းဆောင်ရွက်ရေးကို အားပေးလိုကြောင်း၊ အလားတူ မျိုးဖြန့်ဖြူးရေး နည်းပညာပြန့်ပွားရေး၊ အရင်းအနှီး မတည်ငွေရရှိရေး လုပ်ငန်းများချိတ်ဆက်ရန် လွယ်ကူစေမည့် လယ်ယာကုန်ထုတ် သမဝါယမအသင်း ဖွဲ့စည်း ဆောင်ရွက်သည့် နည်းလမ်းကိုလည်း လုပ်ဆောင်ကြစေလိုကြောင်း၊ စိတ်ဆန္ဒ တူရာတောင်သူများစုပေါင်း၍ သမဝါယမအသင်း ဖွဲ့စည်းလုပ်ကိုင်လိုပါက မိမိတို့ ဝန်ကြီးဌာနက လိုအပ်ချက်များ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင် က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ဒေသစိမ်းလန်းစိုပြေရေးအတွက် အရေးပါသည့် ရေရရှိရေး လုပ်ငန်းများကို ဝန်ကြီးဌာနများ နှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်ပေးနေမှုအပေါ် ဒေသနေတောင်သူများ အနေဖြင့် အခွင့်အရေးကောင်း အဖြစ်မှတ်ယူပြီး မိမိတို့နှင့် အဆင်ပြေမည့် သီးနှံပုံစံကို အသုံးပြု၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မိမိတို့၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေးတို့အတွက် ကြိုးပမ်းသွားကြ ရန်တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆင်သေချောင်း မှ လျှပ်စစ်ရေတင်စနစ်ဖြင့် ရေစတင်ပေးဝေခြင်းအခမ်းအနား ဆက်လက်ကျင်းပရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများနှင့် တောင်သူ ကိုယ်စားလှယ်တို့က အထိမ်းအမှတ်မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် တို့က ရေတင်စက် အမှတ် (၁) နှင့် အမှတ် (၂) တို့ကို စက်ခလုပ်နှိပ်၍ ရေစတင်ပေးဝေကြရာ ပြည်ထောင်စုဝန်ကြီးများ ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက် လာကြသူများက ဆင်သေချောင်းမှ လျှပ်စစ်ရေတင်စနစ်ဖြင့် ရေပေးဝေမှုနှင့် တောင်သူများ၏ စိုက်ကွင်းများအတွင်း နွေသီးနှံစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်နေမှုများ ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်