နေပြည်တော်၊ ဖေဖော်ဝါရီ ၈
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံကျောင်းများ၏ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ နောက်ဆုံးနေ့ ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက နေပြည်တော် ပျဉ်းမနား စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း အားကစားကွင်း၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းအုပ်ကြီးများနှင့် ကြီးကြပ်သူ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်အားပေးကြသည်။
ဆုချီးမြှင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားပြီး အားကစား နည်းအလိုက် ဆုရရှိကြသည့် အသင်းများ၊ အားကစား မောင်မယ်များနှင့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးဆု၊ ဆောင်းပါးဆုရရှိသူများကို ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆုရဘောလုံးအသင်းနှင့် တံခွန်စိုက်ဆုရရှိသူများ၊ အကောင်းဆုံး ကစားသမားဆု ရရှိသူများကို ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်သည်။
နိုင်ငံတဝန်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းတွင် ပညာသင်ယူလျက်ရှိကြသည့် ကျောင်းသား ကျောင်းသူများ အချင်းချင်း ရင်းနှီးချစ်ကြည်မှု ဖော်ဆောင်ပေးရန်နှင့် ထူးချွန်သည့် အားကစားမောင်မယ်များ ထွက်ပေါ်လာပါက နိုင်ငံ့ကိုယ်စားပြု အားကစားသမားများအဖြစ် ဆက်လက်ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်အထိ (၃) ရက်ကြာ ကျင်းပခဲ့သည့် အဆိုပါ အားကစားပြိုင်ပွဲများတွင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း (၁၅) ကျောင်းများမှ ကြီးကြပ်သူ ဆရာ ဆရာမ (၁၆) ဦး နှင့် အားကစား မောင်မယ် (၁၂၇) ဦးတို့က အားကစားအသင်း (၄) သင်းအဖြစ် စုဖွဲ့၍ အားကစားနည်း (၁၀) မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်