(၇၈)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြသည့် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့
နေပြည်တော်၊ မတ် ၂၇
ယနေ့ ကျရောက်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော် အရာရှိကြီး ၁၉ ဦးနှင့် ဇနီး ခုနစ်ဦးတို့ ကန်တော့ခံ တက်ရောက်ကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တက်ရောက် ဂါရဝပြုကန်တော့ကြသည်။
အစဉ်အလာကောင်းတစ်ခု
အခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂါရဝပြုစကား ပြောကြားရာတွင် တပ်မတော်၏ အစဉ် အလာနှင့်အညီ မိမိတို့အနေဖြင့် အစဉ်အဆက် တာဝန်များကို ဆက်ခံခဲ့ကြသူများဖြစ်ပြီး အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစား အရာရှိကြီးများသည် မိမိတို့၏ မိဘဆရာများပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နှစ်စဉ်နှစ်တိုင်း ယခုအချိန် ကာလတွင် ဂါရဝပြုကန်တော့လျက်ရှိပါကြောင်း၊ ယခုကဲ့သို့တပ်မတော်နေ့များသို့ နှစ်စဉ်တက်ရောက် ချီးမြှင့်ပေး သည့်အတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဗုဒ္ဓဘာသာအစဉ်အလာနှင့်အညီ ယခုကဲ့သို့ အထက်အောက် ရိုသေလေးစားမှုဖြင့် ကျေးဇူးတရားကိုသိရှိစွာ ဂါရဝပြုကန်တော့ခြင်းသည် မိမိတို့တပ်မတော်၏ အစဉ်အလာကောင်းတစ်ခုပင် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြ သည့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကိုယ်စား အငြိမ်းစား တပ်မတော်အရာရှိကြီးများအား မြန်မာ့ရိုးရာ ထုံးတမ်း အစဉ်အလာနှင့်အညီ ရိုသေစွာဖြင့် ဂါရဝပြုကန်တော့ကြသည်။
လက်ဆောင်ပစ္စည်းများပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများက အငြိမ်းစား တပ်မတော်အရာရှိကြီးများထံ ဂါရဝပြု လက်ဆောင်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ရိုသေစွာဂါရဝပြု ပေးအပ်ကြသည်။
ဩဝါဒစကားများပြောကြား
ဆက်လက်၍ ကန်တော့ခံအငြိမ်းစား တပ်မတော်အရာရှိကြီးများကိုယ်စား ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည်တို့က ဩဝါဒစကားများ ပြန်လည်ပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများသည် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည့် အခမ်းအနား တက်ရောက်လာကြသည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်