(၇၈)နှစ်မြောက် တပ်မ‌တော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြို့ပင်ကောက်‌မြို့နယ်၌ ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ကြို့ပင်ကောက်၊ မတ် ၂၁

 

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ရွာတွင်းကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို မတ် ၂၀ ရက် နံနကပိုင်းက အေးမကွင်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။

 

ဦးစွာ ကြို့ပင်ကောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းဌေးမှ အဖွင့်အမှာစကားပြောပြီး ကြို့ပင်‌ကောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးလွင်မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ အေးမကွင်းကျေးရွာ ဖွံ့ဖြိုးရေးကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ကို ကြို့ပင်ကောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းဌေး၊ ဗိုလ်ကြီးသန်းထိုက်‌အောင်၊ ရဲမှူးဝင်းသိန်း၊ ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးလွင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုကြကာ အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးကြသည်။

 

ကြို့ပင်ကောက်မြို့နယ် အေးမကွင်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ ပြည်သူလူထုထည့်ဝင်ငွေ ကျပ်သိန်း ၁၂၀ စုစုပေါင်း ကျပ်သိန်း ၂၂၀ အသုံးပြုပြီး အရှည် ၁၁၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှစတင်ပြီး ကျေးရွာပြည်သူလူထုကိုယ်တိုင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး၍ ကျေးရွာရှိ အိမ်ခြေ ၈၀ မှ လူဦးရေ ၂၅၀ ဦးကို အကျိုးပြုမှာဖြစ်ကြောင်း သိရသည်။

 

ကိုညို(ကျေးလက်)