နေပြည်တော် မတ် ၁၄

(၇၉) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတားဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဒေသခံပြည်သူများ၏ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ ကုန်ထုတ်များ တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ရန် ရာသီမရွေး ဆက်သွယ်သွားလာ နိုင်သည့် လမ်းတံတားများ လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံ၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား ပြည်နယ်နှင့် တိုင်းဒေသကြီး များအကြား ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းစေရေး တို့အတွက် ရည်မှန်းချက်များ၊  မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီး ကျေးလက်လမ်းတံတား ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများလည်း ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် စဉ်ဆက်မပြတ် ကျေးလက် လမ်းကွန်ရက်များ ဖွံ့ဖြိုး စေရေးအတွက် သက်ဆိုင်သူ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ 

“ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်း မြစ်ကူးတံတား” သည် တံတားအရှည် ပေ (၆၀၀)၊ တံတားအကျယ် ပေ (၂၀)၊ လူသွားလမ်း တစ်ဖက်တစ်ပေစီရှိပြီး သံကူကွန်ကရစ်ဘိုးပိုင်၊ သံကူ ကွန်ကရစ်ကြမ်းခင်းနှင့် သံကူကွန်ကရစ်ယက်မ တပ်ဆင်အသုံးပြုထားသည့် တံတားအမျိုးအစား ဖြစ်ကြောင်း၊ တံတားခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း အလေးချိန် (၃၆) တန်အထိ ဖြတ်သန်း အသုံးပြု သွားနိုင်မည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် သွားကြရန်နှင့် ယာဉ်များကို ခွင့်ပြုအလေးချိန်များအတိုင်း ဖြတ်သန်းမောင်းနှင်ကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယခု ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတား တည်ဆောက်နိုင်မှုကြောင့် လယ်ဝေးမြို့နယ် အတွင်းရှိ ပတ်ဝန်းကျင် ကျေးရွာ(၁၇) ရွာရှိ အိမ်ခြေ(၃၇၆၇)အိမ်၊ လူဦးရေ (၁၈၀၈၄)ဦးကို တိုက်ရိုက် အကျိုးပြုနိုင်မှာ ဖြစ်သည့်အပြင် ကျေးရွာတောင်သူများ၏ ဒေသထွက်ကုန်၊ ထုတ်ကုန်များအား မြို့ပေါ်ဈေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ပို့ဆောင်နိုင်မှာဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒေသခံပြည်သူတစ်ဦးက တံတားတည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေတို့က ပေါင်းလောင်း- ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတားသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော ဧည့်သည်တော်များက  ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို အမွှေးနံ့သာ ရည်များပက်ဖြန်းကာ တံတားအားဖြတ်သန်း ကြည့်ရှုကြသည်။ 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ သည် ကျေးရွာယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ကျေးလက်နေ ပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် နိုင်ငံတော် အစိုးရ၏ စီမံ လမ်းညွှန်မှုဖြင့် မိမိတို့ ဝန်ကြီးဌာနမှ အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သမဝါယမ စနစ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများအား အရှိန်အဟုန် ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရုံးတော ကျေးရွာသို့ သွားရောက်၍ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ အသင်းပိုင်မြေ (၇)ဧက တွင် ရုရှားနေကြာမျိုးနှင့် မြန်မာနေကြာမျိုးများ စိုက်ပျိုးထားမှုကိုလည်းကောင်း၊ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းပိုင် စိုက်ပျိုးမြေ ဧက (၁၇၀) ကျော်တွင် ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းနှင့် Myanmar Uni-Semi ကုမ္ပဏီလီမိတက် တို့ အကျိုးတူ  ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နေကြာ၊ ငရုတ်၊ ဖရဲ၊ မြေပဲ၊ တိုင်ထောင်ပဲ၊ ပြောင်း စတင် စိုက်ပျိုးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး နေကြာများ ရိတ်သိမ်းပြီးပါက နွေစပါး အချိန်မီ စိုက်ပျိုးနိုင်ရေးလိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားကြောင်း သတင်းရရှိသည်။

သတင်းစဉ်