နေပြည်တော် မတ် ၂၂
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိ မြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်ရှိ လူမှုဖူလုံရေး-ဘေးမခ အထွေထွေရောဂါ ကုဆေးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါအဆောက်အဉီ မျက်နှာစာ၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အကျုံးဝင် အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၊ ဘေးမခဆေးခန်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ဆေးခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဆေးခန်းကို ကြည့်ရှုစစ်ဆေးသည်။
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် Social Insurance စနစ်အရ လူမှုဖူလုံရေး စီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်လာစေရေး မဟာဗျူဟာရည်မှန်းချက် တစ်ရပ်ချမှတ်ပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်းထည့်ဝင် ကြေးများနှင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေး အတွက် ကျန်းမားရေးစောင့်ရှောက်မှုများနှင့် ငွေလက်ငင်းအကျိုးခံစားခွင့်များအား ခံစားရရှိနိုင်စေရန် လက်ရှိတွင် အာမခံစနစ် (၆)မျိုးအနက် (၂)မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစားခွင့် (၁၅) မျိုးကို ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု လျက်ရှိသည်။
အကျုံးဝင်အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလွယ်တကူ လက်လှမ်းမီရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများ ဖွင့်လှစ်ကာ ကျန်းမာရေး ဝန်ဆောင်မှုထောက်ပံ့ ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း (၂၁) ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း (၄၁)ခန်း၊ Specialist OG OPD ပြသနိုင်သော ဆေးခန်း (၂၉)ခန်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှုဆောင်ရွက် သည့် စာချုပ်ဆေးရုံ/သားဖွားခန်း (၁၅) ခန်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် အကျုံးဝင် အာမခံအလုပ်သမားပေါင်း (၁၉,၆၅၆) ဦးအတွက် လူမှုဖူလုံရေးဆေးခန်း (၃) ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း (၃) ခန်း၊ Specialist OG OPD ပြသနိုင်သော ဆေးခန်း (၂)ခန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ လူနာဦးရေ (၄,၃၀၉) ဦးကို ဆေးဖိုးငွေ ကျပ်သန်း (၇၇၉ဒသမ၆၆) ပေးအမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို အလုပ်သမားဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဉီးစွာပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ရာ ယင်းဥပဒေသည် မြန်မာနိုင်ငံ တွင်သာ ပြဋ္ဌာန်းခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများစွာ၌ ကျင့်သုံးလျက်ရှိပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ယူရာတွင်အမျိုးသမီးများကို လတ်တလောခေါ်ယူရန် အစီအစဉ်မရှိသေးဘဲ အမျိုးသား ဦးရေ (၆)သန်းကျော်မှ (၁)ရာခိုင်နှုန်းသာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင်လည်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ခေါ်ယူသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့် စပ်လျဉ်း၍ လူမှုကွန်ရက်တွင် ဖော်ပြ နေသည့် သတင်းများကို အမှန်ဟုမယူဆဘဲ လက်တွေ့ကျကျ လေ့လာသုံးသပ်ပြီး မှန်ကန်သည့်သ တင်းအချက်အလက်များကို ဖြန့်ဝေပေးခြင်းဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံ့အရေးတွင် မိမိတို့ကျရာ အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)