ကူမင်း ၁၆ ဇွန်
ဇွန် ၉ ရက်မှ ၁၇ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပ ပြုလုပ်သော (၇) ကြိမ်မြောက် တရုတ်နိုင်ငံနှင့် မဲခေါင်မြစ် မြစ်ဝှမ်းဒေသ(၅)နိုင်ငံ မီဒီယာ အပြန်အလှန် လေ့လာရေးလှုပ်ရှားမှုသို့ တက်ရောက်လျက်ရှိသည့် မြန်မာ၊ ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ မီဒီယာသမားများသည် ဇွန် ၁၃ ရက်က ကူမင်းမြို့ရှိ Yunnan Daily Press Group နှင့် Yunnan Radio and Television Station သို့ သွားရောက်လေ့လာရာ တာဝန်ရှိသူပုဂ္ဂိုလ်များက လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်းပြသပြီး အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
မီဒီယာအဖွဲ့သည် ဇွန် ၁၄ ရက်တွင် ယူနန်ပြည်နယ်ရှိ ချုံချင့်မြို့သို့ ကျည်ဆံရထားဖြစ် သွားရောက်ခဲ့ပြီး ချုံချင့်မြို့ရှိ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပြခန်းများ၊ ချုံချင့်မြို့မှ အာရှ၊ ဥရောပနှင့် နိုင်ငံတကာသို့ ကုန်စည်စီးဆင်းနေမှု လုပ်ငန်းခွင်နှင့် ပြခန်းများ၊ ပန်းချီ၊ ပန်းပုအနုပညာ ပြခန်းများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းထားရှိမှု ပြခန်းများနှင့် Raffles City ဆောက်လုပ်နေမှုတို့ကို သွားရောက်လေ့လာခဲ့ကြသည်။
အဆိုပါ မီဒီယာအပြန်အလှန် လေ့လာရေးလှုပ်ရှားမှုကို ယူနန်ပြည်နယ် ပြည်သူ့အစိုးရ သတင်းပြန်ကြားရေးဌာနမှ ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ၂ ဦး၊ ထိုင်းနိုင်ငံမှ ၄ ဦး၊ လာအိုနိုင်ငံမှ ၅ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ၅ ဦး စုစုပေါင်း ၁၆ ဦးတက်ရောက်ခဲ့သည်။ ခရီးစဉ်အတွင်း ၂၀၁၉ ခုနှစ် တောင်နှင့် အရှေ့တောင်အာရှကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် သတင်းစာရှင်းလင်းပွဲ၊ တောင်နှင့် အရှေ့တောင်အာရှ ကုန်စည်ပြပွဲနှင့် ဒုတိယအကြိမ် တရုတ်-တောင်အာရှ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ကျင်းပမှုတို့ကို သတင်းရယူခဲ့ကြပြီး လေ့လာရေး လှုပ်ရှားမှုအဖြစ် ကူမင်းမြို့နှင့် ချုံချင့်မြို့သို့ သွားရောက်လေ့လာခဲ့ကြသည်။
ဇော်မင်းအောင်၊ စန္ဒာထွန်း