ရန်ကုန် ၃ ဖေဖော်ဝါရီ
(၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး အတွက် အစိုးရကိုယ်စားလှယ်များ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ (NCA-S EAO) ၏ နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။
JICMအစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် နှစ်ရက်တာ ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးအပြီးတွင် သဘောတူညီချက် (၃) ချက်နှင့် မှတ်တမ်း(၂) ချက်တို့ကို ရလဒ်ကောင်းများ အဖြစ်ရရှိခဲ့ကြောင်း ယနေ့ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးမှသိရသည်။
NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် “ဒီနှစ်ရက်တာ အစည်းအဝေးမှာ သဘောတူညီချက် (၃)ချက်နဲ့ မှတ်တမ်း (၂) ချက်တို့ကို ရရှိအောင် စိတ်ရှည်စွာ ဆွေးနွေးညှိနှိုင်းပေးခဲ့ကြတဲ့ အစိုးရနဲ့ NCA-S EAO နှစ်ဖက်ခေါင်းဆောင် ကိုယ်စားလှယ်များ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ JICM အစည်းအဝေးရဲ့ သဘောတူညီချက် (၈) ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေ၊ လုပ်နည်းလုပ်ဟန်တွေ၊ အချိန်ဇယားတွေကို ဒီအစည်းအဝေးမှာ ချမှတ်နိုင်ခဲ့ခြင်းဟာ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်ထားရှိတဲ့ သံန္နိဋ္ဌာန်ခိုင်မာမှုကို ပြသခြင်းပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ထားရှိတဲ့ ကတိကဝတ်တွေကို အလေးထားလိုက်နာ ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။
ထို့အတူ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် သဘောတူညီခဲ့ကြသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ EAO များ ပိုမိုပါဝင်လာရေးကိစ္စကို ဝိုင်းဝန်းနည်းလမ်းရှာနိုင်ခဲ့ပြီး လက်တွေ့ ဆောင်ရွက်သွားဖို့ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့ အစည်းအဝေးတွေ၊ လုပ်ငန်းဆောင်တာ အစီအစဉ်တွေကို ဆက်တိုက်ဆောင်ရွက်သွားဖို့ နှစ်ဖက် သဘောတူခဲ့ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
အစိုးရနှင့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ်များသည် (၈) ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက် ၈ ချက်အနက် ဆက်လက်ညှိနှိုင်း ဆွေးနွေးရန်ကျန်ရှိနေသေးသည့် အချက်များကို ဖေဖော်ဝါရီ ၁၇၊ ၁၈ ရက်နေ့များတွင် ဒုတိယအကြိမ် အစည်းအဝေးခေါ်ယူ၍ ဆက်လက်ညိှနှိုင်းဆွေးနွေးရန် သဘောတူညီခဲ့ကြကြောင်း ယနေ့ကျင်းပသည့် အစည်းအဝေးမှသိရသည်။
ဆက်လက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် “ကျွန်တော်တို့ နှစ်ဖက်ညှိနှိုင်းအဖွဲ့များအနေနဲ့ JICM တုန်းက သဘောတူညီခဲ့တဲ့ အချက် (၈) ချက်ကို ဆက်ပြီး အကောင်အထည်ဖော်မဲ့ အစီအစဉ်တွေကို ဆွေးနွေးခဲ့ပါတယ်။ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်တွေနဲ့ စပ်လျဉ်းပြီးတော့လည်း ကျွန်တော်တို့နှစ်ဖက် မူဘောင်လုပ်ငန်းစဉ်တွေကို အစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့ကြပြီး နောက်တစ်ကြိမ်အစည်းအဝေးမှာ ဒီမူဘောင်တွေပေါ်မှာ ဆွေးနွေးလိုတဲ့ အချက်တွေကို သဘောတူညီမှု ရရှိတဲ့အပေါ် အသေးစိတ်ဆက်ဆွေးနွေးဖို့လည်း သဘောတူညီနိုင်ခဲ့ပါတယ်။ နောက်တစ်ကြိမ် နှစ်ဖက်ညှိနှိုင်းအစည်းအဝေးကိုလည်း ၁၇၊ ၁၈ ရက် မှာ ဒုတိယအကြိမ် အစည်းအဝေးခေါ်ယူဖို့ နှစ်ဖက်သဘောတူညီနိုင်တဲ့အတွက် ကျွန်တော်တို့ရဲ့ အစည်းအဝေးက အန်မတန်မှ ထိရောက်တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဧပြီလ မကုန်ခင်မှာ ညီလာခံကြီး ကျင်းပနိုင်ဖို့ အတွက်လည်း UPDJC၊ JMC၊ နောက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ အချိန်မီကျင်းပနိုင်ဖို့ နှစ်ဖက်ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ယနေ့ကျင်းပသည့် အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေး ဗဟိုဌာနဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း၊ NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ်ကလူဆေး၊ စောကျော်ညွန့်၊ ဆော်လမွန်၊ နိုင်အောင်မငေး၊ ခွန်မြင့်ထွန်း၊ ဒေါက်တာစိုင်းဦး တို့ တက်ရောက်ကြသည်။
အစည်းအဝေးအပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး နှင့် NCA-S-EAO ကိုယ်စားလှယ် နိုင်အောင်မငေး တို့က သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ နှစ်ရက်တာ ကျင်းပခဲ့သည့် JICM အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။
သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်