ရန်ကုန် ၂၂ ဒီဇင်ဘာ
(၈) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (NCA-S EAOs) တို့၏ အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။
ယနေ့ ကျင်းပသည့် အစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့မှ JICM အစည်းအဝေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း နှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ဦးမျိုးဝင်း၊ စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ စောစိန်ဝင်း၊ ပဒိုစောအယ်ကလူစေး၊ စောကျော်ညွန့်၊ နိုင်အောင်မငေးနှင့် ကြာဆော်လမွန် တို့ တက်ရောက်ကြသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ တတိယအစည်းအဝေး ပြီးတဲ့နောက် မိမိတို့အနေဖြင့် တရားဝင်အစည်းအဝေး ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ခုလုံးအား ပြန်လည်သုံးသပ်ခြင်း၊ လိုအပ်ချက် အားနည်းချက်များကို ပိုမိုကောင်းမွန်မှန်ကန်ပြီး လက်တွေ့ကျသည့် လုပ်ငန်းစဉ်တစ်ရပ် ရရှိရန်အတွက် အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါကြောင်း၊
KNU ဥက္ကဋ္ဌနှင့် RCSS ဥက္ကဋ္ဌတို့က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ဆီသို့ လိပ်မူ၍ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံးနဲ့ စပ်လျဉ်းပြီး NCA-S EAO အဖွဲ့များ၏ သဘောထားများ၊ လိုလားချက်များကို စာဖြင့်ရေးသား ပေးပို့လာခဲ့ပါကြောင်း၊
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်ကြီးများက ယခုလို တင်ပြလာခဲ့ခြင်းကို မိမိတို့ အစိုးရအနေနှင့် အလေးအနက်ထား စဉ်းစားလေ့လာသုံးသပ်၍ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၃ နှင့် ၁၄ ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် UPDJC အတွင်းရေးမှူးများ၏ အလွတ်သဘော အစည်းအဝေးတွင် နိုင်ငံတော်အစိုးရဘက်က စဉ်းစားထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး အဆိုပြုလုပ်ငန်းစဉ် (၄) ရပ် Way Forward for Peace Process ကို အဆိုပြု ခဲ့ပါကြောင်း၊
နိုင်ငံတော်အစိုးရ၏ အဆိုပြုချက်များအပေါ် NCA-S EAO တွေဘက်ကလည်း အပြု သဘောဆောင်စွာ တုံ့ပြန်ခဲ့ပြီးနောက် မိမိတို့ နှစ်ဖက်ကြားမှာ အကြေအလည် ဆွေးနွေးညှိနှိုင်းမှုပေါင်း များစွာ ပြုလုပ်ခဲ့ကြကြောင်း၊
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား အဖွင့်မိန့်ခွန်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အစိုးရအနေနဲ့ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၃)ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊
ငြိမ်းချမ်းရေး ပထမလုပ်ငန်းစဉ်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံကို ဘယ်လို ရှေ့ဆက်သွားမလဲဆိုသည့် ဘုံလုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ ခိုင်မာသည့်အုတ်မြစ်တစ်ရပ် စိုက်ထူနိုင်ရန် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်ကြီးများက စတင် အဆိုပြု ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ NCA ကို အခြေခံ၍ ရှေ့သို့ ဆက်လက်လျှောက်လှမ်းရာတွင် အကြေအလည် ဆွေးနွေးပြီး အားလုံးသဘောတူ ချမှတ်သည့် လုပ်ငန်းစဉ်တစ်ရပ် ရှိဖို့အတွက် အဆိုပါ သဘောတူညီချက်များကို လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ၊ စတုတ္ထအစည်းအဝေး တွင် ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း-၃ အဖြစ် ချုပ်ဆိုမည်ဖြစ်ပါကြောင်း၊
ငြိမ်းချမ်းရး ဒုတိယလုပ်ငန်းစဉ်ကတော့ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင် လာရေးပဲ ဖြစ်ပါကြောင်း၊ NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် အရှိန်မြှင့်လုပ်ဆောင်ကာ ပစ်ခတ် တိုက်ခိုက်မှု လျော့နည်းသည့် အခြေအနေတစ်ရပ်ကို တည်ဆောက်နိုင်ရန်၊ နိုင်ငံရေးစားပွဲဝိုင်းတွင် ပါဝင်နိုင်ရန်၊ NCA ထီးရိပ်အောက်တွင် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အားလုံးပါဝင်နိုင်သည့် အခင်းအကျင်းမျိုး ဖြစ်ပေါ်လာစေရန် အစိုးရအနေနှင့် ဆက်လက်၍ အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊
ငြိမ်းချမ်းရေး တတိယ လုပ်ငန်းစဉ်သည် ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို လူထု ရရှိ ခံစားနိုင်ရေးပင် ဖြစ်ပါကြောင်း၊ ပဋိပက္ခဒဏ်ကို အဓိကခံစားနေရသည့် တိုင်းရင်းသားဒေသများတွင် ရှိနေသော ပြည်သူများ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း၊
ဒီကနေ့ ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထုတ်ပြန် ကြေညာထားတဲ့ ငြိမ်းချမ်းရး ပထမလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းကြမယ့် JICM အစည်းအဝေးအတွက် အကြိုညှိနှိုင်းတွေ့ဆုံကြတာပဲ ဖြစ်ပါကြောင်း၊
နှစ်ဖက် အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ပြီးသည့် နောက်ဆုံးတွင် မိမိတို့ကြား ရပ်တန့်နေခဲ့ရသည့် ဆွေးနွေးညှိနှိုင်းမှုများကို JICM အစည်းအဝေး ကျင်းပခြင်းက စတင်၍ ဆောင်ရွက်နိုင်ဖို့ ဘုံသဘောတူညီချက်များ ရရှိခဲ့ပြီးဖြစ် ပါကြောင်း၊ JICM ရောက်ဖို့ မိမိတို့အားလုံး တက်တက်ကြွကြွနှင့် ကြိုးပမ်းခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ယခုလို ပြန်လည်စတင်နိုင်ရန် ဘုံသဘောထားများ ရရှိအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် သူများအားလုံးကိုလည်း မိမိအနေနှင့် ကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုကြောင်း၊
ယနေ့ အကြို ညှိနှိုင်းအစည်းအဝေးတွင် JICM အစည်းအဝေးကို မကြာမီ ကာလအတွင်း ကျင်းပနိုင်ရန်အတွက် JICM အစည်းအဝေးမှ ချမှတ်မည့် သဘောတူညီချက်များကို နှစ်ဖက် ကြိုတင်ညှိနှိုင်းရန်၊ ရပ်နားထားရသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ၊ စတုတ္ထ အစည်းအဝေး ကျင်းပနိုင်ရန်၊ NCA ၏ အဓိက ယန္တရားများဖြစ်သည့် UPDJC နှင့် JMC အစည်းအဝေးများ ပြန်လည် စတင်ကာ ညီလာခံလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ဖို့ စသည့် အရေးကြီး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်မှာဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးမှာ နှစ်ဖက် ညှိနှိုင်း ရရှိသည့် သဘောတူညီချက်များကို မကြာမီ ကျင်းပမယ့် JICM အစည်းအဝေးတွင် တင်ပြ၍ ဆုံးဖြတ်ချက် ရယူကာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာ ဖြစ်ပါကြောင်း၊
မိမိတို့ နှစ်ဖက်လုံး၏ တူညီသည့်ပန်းတိုင်သည် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရရှိစေနိုင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပင် ဖြစ်ပါကြောင်း၊ NCA စာချုပ်ချုပ်ဆိုစဉ်က ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ကို အခြေခံပြီး NCA စာချုပ်ပါ အချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွ ပူးတွဲအကောင်အထည်ဖော်သွားဖို့ အပြန်အလှန် သန္နိဋ္ဌာန်ပြုခဲ့ကြပြီး ဖြစ်ပါကြောင်း၊ သမိုင်းရှည်ကြာ လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်ဖြေရှင်းနိုင်ရန် အားလုံးလက်ခံ သဘောတူညီနိုင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ရပ်ကို ၂၀၂၀ ရွေးကောက်ပွဲအလွန်အထိ မျှော်မှန်းချမှတ်နိုင်ရေးအတွက် မိမိတို့ ငြိမ်းချမ်းရေး ဆွေးနွေးဘက်များ အားလုံးတွင် တာဝန်ရှိသလို တာဝန်လည်း ယူကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ NCA-S EAO မှ JICM အစည်းအဝေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက “ဒီကနေ့ အစည်းအဝေးသည် အောက်တိုဘာ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် အစည်းအဝေးနှင့် ဆက်စပ်သည့် အစည်းအဝေးပင် ဖြစ်ပါကြောင်း၊ အဆိုပါစည်းအဝေးမှ ရရှိလာသည့် သဘောထား စုစည်းချက်များ ကို နှစ်ဖက်ယူဆောင်သွားကာ သက်ဆိုင်သည့် မိမိတို့အစုအဖွဲ့ကြားတွင် အပြန်ပြန်အလှန်လှန် ဆွေးနွေးပြီးဖြစ်၍ ယနေ့အစည်းအဝေးတွင် အဆိုပါအချက်အလက်များကို ပြန်လည်ဆွေးနွေးကြမည် ဖြစ်ပါကြောင်း၊ (၈) ကြိမ်မြောက်ကျင်းပမည့် JICM အစည်းအဝေးပြီးတဲ့နောက်ပိုင်း ဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေး လုပ်ငန်းအစီအစဉ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊
JICM အစည်းအဝေးသည် NCA စာချုပ်၏ အမြင့်ဆုံး ယန္တရားဖြစ်သည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အကောင်အထည်ဖော်ဆောက်ရွက်ရာတွင် မူဝါဒလမ်းညွှန်ချမှတ်ခြင်း၊ တစ်ဆို့မှုဖြေရှင်းခြင်း များသည် အဓိက ကျောရိုးဖြစ်၍ JICM အစည်းအဝေး စဉ်ဆက်မပြတ် ကျင်းပနိုင်ရေးသည် အလွန်အရေးကြီးလှကြောင်း၊
ပုံမှန်အတိုင်းဆိုပါက JICM အစည်းအဝေးကို သုံးလ တစ်ကြိမ် ကျင်းပရမည် ဖြစ်သော်လည်း တစ်နှစ်ကျော်ကြာသည့်ထိ ကျင်းပနိုင်မှု မရှိသေးခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်ဆောင်ရေး လုပ်ငန်းများနှင့် မိမိတို့ငြိမ်းချမ်းရေး ဆွေးနွေးဖော် ဆွေးနွေးဖက်များအတွက် ကောင်းမွန်သည့် အလားအလာမဟုတ်သလို ပြည်သူတရပ်လုံးအတွက်လည်း ငိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် သို့လော သို့လော ဖြစ်စေခဲ့ပါကြောင်း၊ တစ်ဖက်တွင်လည်း အစိုးရတစ်ရပ်၏ အချိန်အကန့် အသက်ရှိသည်ကို ထည့်သွင်း တွက်ချက်ဖို့ လိုအပ်ပါကြောင်း၊ လာမည့် ၂၀၂၀ တွင် ရွေးကောက်ပွဲကာလကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရမည့် အချိန်များအပေါ် ချင့်ချိန်၍ လုပ်ဆောင်ရမည်ဖြစ်သောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရမယ့်အချိန်သည် ၂၀၂၀ တွင် အကြမ်းဖျင်းအားဖြင့် နှစ်တစ်ဝက်လောက်သာ ကျန်ရှိတော့ မည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် အစီအစဉ်ပါအကြောင်းအရာများ ကို ရင်းနှီးပွင့်လင်းစွာနှင့် ကျေကျေလည်လည် ဆွေးနွေးပြီး (၈) ကြိမ်မြောက် JICM အစည်းအဝေး ကျင်းပနိုင်ရေး ဦးတည်ကြိုးပမ်း ဝိုင်းဝန်းဆောင်ရွက်ကြပါဟု တိုက်တွန်းကြောင်း ပြောကြားသည်။
ယနေ့ကျင်းပသည့် JICM အကြိုညှိနှိုင်းအစည်းအဝေးတွင် JICM အစည်းအဝေးကို ဇန်နဝါရီလဆန်း တွင် ကျင်းပရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ နှစ်ဖက် သဘောထားစုစည်းချက် (၈) ချက်ကို သဘော တူညီနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် JICM အစည်းအဝေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း က “ယခု အစည်း အဝေးတွင် JICM အစည်းအဝေးကျင်းပရေး လမ်းပွင့်သွားပြီဖြစ်၍ JICM အစည်းအဝေးကို လာမည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် စတင်နိုင်တော့မည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် JICM အစည်းအဝေး၌ ဆွေးနွေးအတည်ပြုမည့် အကြောင်းအရာများ၊ JICM အစည်းအဝေးအပြီးတွင် ရှေ့ဆက် ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစီအစဉ်များ၊ JICM အစည်းအဝေး တက်ရောက်မည့် NCA-S-EAO ခေါင်းဆောင်များ၏ ပြည်တွင်း ခရီးစဉ်လမ်းကြောင်းများကို အသေးစိတ် ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ခြင်းသည် နှစ်ဖက်ကိုယ်စားလှယ်များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထားရှိသည့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ စိတ်ရင်းစေတနာ ရှိမှုတို့ကို ပြသရာ ရောက်ပါကြောင်း၊
JICM အစည်းအဝေးကို NCA စာချုပ်၏ အမြင့်ဆုံး ယန္တရား ဂုဏ်အင်္ဂါနှင့် ကိုက်ညီအောင် အဓိပ္ပာယ်ရှိရှိ၊ အနှစ်သာရရှိရှိ ကျင်းပနိုင်ဖို့ မိမိတို့နည်းလမ်း ရရှိနိုင်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးအတွက် ထားရှိသည့် ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆီးပေးရေး အားသွန်ခွန်စိုက် တစိုက်မက်မက် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း၊ ထို့အပြင် ယခုအစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပိုမိုခိုင်မာရေးကိစ္စနဲ့ နိုင်ငံရေးဆွေးနွေးပွဲများကို ဟန်ချက်ညီညီ ဖြစ်စေရေးအတွက်လည်း ဆွေးနွေးခဲ့ကြပါကြောင်း၊
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ရာတွင် ယုံကြည်မှုသည် မရှိမဖြစ်လိုအပ်သောကြောင့် ယုံကြည်မှု မြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးနိုင်ခဲ့သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံး ပါဝင်နိုင်ရေးအတွက် သင့်တော်သည့် နည်းလမ်းများကို ဝိုင်းဝန်းရှာဖွေခဲ့ပါကြောင်း၊ NCA စာချုပ် လမ်းပြ မြေပုံတွင်ပါသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကို ၂၀၂၀ ပြည့်နှစ် နှစ်လယ်မတိုင်မီ ညီလာခံ တစ်ကြိမ်ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြပါလို့ တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ် ဉီးထွန်းထွန်းဦးတို့က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် JICM အစည်းအဝေးကို ဇန်နဝါရီလဆန်းတွင် ကျင်းပရန် မိမိတို့ နှစ်ဖက် ညှိနှိုင်းသဘောတူညီ နိုင်ခဲ့ကြပါကြောင်း၊ သဘောထားစုစည်းချက် (၈) ချက်ကို သဘောတူညီနိုင်ခဲ့ကြကြောင်း၊ ဒီသဘောထား စုစည်းချက်များတွင် အရေးပါသည့် အချက်များ ပါဝင်ကြောင်း၊ အထူးသဖြင့် NCA အခန်း(၃)၊ (၄) နှင့် (၆) ကို နှစ်ဖက်စလုံးကနေ၍ လုပ်ငန်းများ ချမှတ်ဆွေးနွေးကြရန်နှင့် UPDJC အစည်းအဝေး၊ JMC အစည်းအဝေးများ ပြန်လည်ကျင်းပနိုင်ရန် နှစ်ဖက်သဘောတူညီနိုင်ခဲ့ကြပြီး အလွန်အရေးပါတဲ့ သဘောထားစုစည်းချက်တွေ နှစ်ဖက်သဘောတူညီနိုင်ခဲ့၍ ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ အဆိုပါသဘောထား စုစည်းချက်တွေကို နှစ်ဖက်အတည်ပြုနိုင်အောင် မိမိတို့အားလုံး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြပါဟု ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ နှင့် NCA-S EAO ၏ JICM အစည်းအဝေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ကိုယ်စားလှယ် နိုင်အောင်မငေးတို့က ယနေ့ကျင်းပသည့် အစည်းအဝေးနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားခဲ့သည်။
သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ.ဖိုးထောင်