ကျိုက်ဒုံ ၅ ဇန်နဝါရီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင် ဇန်နဝါရီ ၄ ရက် ည ၇ နာရီက အမှတ် ၂ ရပ်ကွက် မြို့မအားကစားကွင်း၌ (၈၁)နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော် ဒုံးစင်ဖွင့်ပွဲနှင့်ဒုံးယိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျုံကွယ်ကျေးရွာ အမှတ်(၁၀၂၁)နယ်ခြားစောင့်တပ်မှ တပ်ရင်းမှူး စောဘလူ၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဆန်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ဒုံးယိမ်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဒုံးများဖြစ်သော မိတန်ကျေးရွာ၊ မိနန်းအပ်ကျေးရွာ၊ လယ်တောကြီးကျေးရွာ၊ ကွင်းကလေးကျေးရွာ၊ နို့ဘိုးကျေးရွာ၊ ကျုံကွယ်ကျေးရွာနှင့် လှိုင်ကမိန်ကျေးရွာ ဒုံးယိမ်းအဖွဲ့များမှ လာရောက်၍ ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ကျိုက်ဒုံမြို့ ကျောင်းသားကျောင်းသူလေးများမှလည်း တိုင်းရင်းသားကဏ္ဍ ဖျော်ဖြေရေးအကများဖြင့် တပျော်တပါး တင်ဆက်ကပြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ဆုပေးပွဲအခမ်းအနားကို ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့တွင် တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)
