နေပြည်တော် ဖေဖော်ဝါရီ ၂၃
(၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၃၂)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေး အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြိုင်ပွဲဝင်စစ်တီးဝိုင်းအဖွဲ့များက စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ် ကြီးဇော်ဟိန်းအား အလေးပြုခြင်း၊ နိုင်ငံတော်အလံ အလေးပြုခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်းနှင့် သစ္စာအဓိဋ္ဌာန် (၄)ချက်ရွတ်ဆိုခြင်းတို့ကို အစီအစဉ်အတိုင်း ပြုလုပ်ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ စစ်ရေးချုပ်က (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၃၂)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ခ)အဆင့်တွင် စစ်တီးဝိုင်းခေါင်းဆောင် ကျွမ်းကျင်မှု တတိယဆုရရှိသည့် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်း ခေါင်းဆောင်၊ ဒုတိယဆုရရှိသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်းခေါင်းဆောင်နှင့် ပထမဆုရရှိသည့် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်း ခေါင်းဆောင်၊ (က)အဆင့်တွင် စစ်တီးဝိုင်းခေါင်းဆောင် ကျွမ်းကျင်မှု အကောင်းဆုံးဆုရရှိသည့် စစ်တက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်းခေါင်းဆောင်တို့အားဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ (ခ)အဆင့်တွင် အသင်းလိုက် အထူးဆု(၂)ရရှိသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်း၊ အထူးဆု(၁)ရရှိသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်း၊ အသင်းလိုက် တတိယဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်း၊ ဒုတိယဆု ရရှိသည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်းနှင့် ပထမဆုရရှိသည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်း တို့အား ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် (က)အဆင့်တွင် အသင်းလိုက်အထူးဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ကိုယ်စားပြုရဲတီးဝိုင်း၊ တတိယဆု ရရှိသည့် စစ်တက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်း၊ ဒုတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ် ရုံး(လေ) ကိုယ်စားပြုစစ်တီးဝိုင်းနှင့် ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်တီးဝိုင်းတို့အား ဆုများပေးအပ် ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ တပ်မတော်နေ့ အထိမ်းအမှတ် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲများကို ၁၉၉၂ ခုနှစ်မှစတင် ကျင်းပခဲ့ပြီး (၈၁)နှစ် မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၃၂)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှ စတင်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် စစ်တီးဝိုင်း အသင်းပေါင်း ၂၆ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


