မကွေး မတ် ၁၇
မတ် ၂၇ ရက်တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက်ပြီးစီးခဲ့သည့် ဆားရွှေကင်းဝန်ထမ်းအိမ်ရာအပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ ဆားရွှေကင်းရပ်ကွက်ရှိ အဆိုပါအိမ်ရာဝင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ ရှစ်ခန်းတွဲ၊ ငါးထပ်ဆားရွှေကင်းဝန်ထမ်းအိမ်ရာကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့ စတင်တာဝန်ယူခဲ့သည့် အချိန်မှစ၍ ယနေ့အချိန်အထိ နိုင်ငံ့ဝန်ထမ်းများနှင့် အများပြည်သူတို့ နေထိုင်မှုအဆင့်အတန်း မြင့်မားတိုးတက်စေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဝန်ထမ်းအိမ်ရာနှင့် ပြည်သူများအတွက် တန်ဖိုးနည်း၊ တန်ဖိုးလတ်နှင့် တန်ဖိုးမြင့် အရောင်းအိမ်ရာများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုတည်ဆောက်ပြီးသော အိမ်ရာများ ရေရှည်တည်တံ့ခိုင်မြဲစေရန် နေထိုင်သူ နိုင်ငံ့ဝန်ထမ်းများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးရန်နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းဒေသကြီးအတွင်းရှိ အခြားမြို့နယ်များတွင်လည်း မြေနေရာများရှာဖွေဖော်ထုတ်ကာ နေထိုင်ရေးအခက်အခဲရှိသော နိုင်ငံ့ဝန်ထမ်းများသာမက ပြည်သူများအတွက်ပါ ထည့်သွင်းစဉ်းစားပြီး သင့်တော်ကောင်းမွန်သော အိမ်ရာများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ထမ်းအိမ်ရာ ကော်မတီဥက္ကဋ္ဌ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကားပြောကြားကာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ရှစ်ခန်းတွဲ ငါးထပ်ဝန်ထမ်းအိမ်ရာတည်ဆောက်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အိမ်ရာတည်ဆောက်ခဲ့သော ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာက တိုင်းဒေသကြီး ညွှန်ကြားရေးမှူးထံ အဆောက်အအုံပြီးစီးကြောင်း မှတ်တမ်းစာအုပ်ကို လွှဲပြောင်းပေးအပ်ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက အိမ်ခန်းနေထိုင်ခွင့်ရရှိသူ ကိုယ်စားလှယ်တစ်ဦးထံ အိမ်ခန်းသော့ပေးအပ်ကာ အိမ်ခန်းနေထိုင်ခွင့်ရရှိသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခန်းဖွဲ့စည်းပုံများ၊ ရေ၊ မီးနှင့်ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


