မုံရွာ မတ် ၆
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဘုန်းစိုးရပ်ကွက်၌ တည်ဆောက်ခဲ့သည့် မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာ၌ ကျင်းပသည်။
ဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး များနှင့် မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌတို့က မော်တော်ယာဉ်ရောင်းဝယ် ရေးစင်တာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မော်တော်ယာဉ် ရောင်းဝယ်ရေးစင်တာ အတွင်းရှိ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်အရောင်းဆိုင်များ၊ အပိုပစ္စည်းဆိုင်များ၊ ကားအလှဆင်ပစ္စည်း အရောင်း ဆိုင်များ၊ ရေဆေးဆီလိုက်လုပ်ငန်းဆိုင်များ၊ စားသောက်ဆိုင်များ ခင်းကျင်းပြသရောင်းချနေမှုနှင့် ရောင်းချမည့် မော်တော်ယာဉ်များကို လိုက်လံကြည့်ရှုကြပြီး လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာဖွင့်ပွဲ ဒုတိယပိုင်း အခမ်းအနား သို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုကဲ့သို့ မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ခြင်းဖြင့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် ပတ်သက်၍ ယာဉ်ပြင် ဆင်မှုများပြုလုပ်ခြင်း၊ ဆက်စပ်ပစ္စည်းများ ဝယ် ယူခြင်း၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ အသစ်ဝယ်ယူခြင်းနှင့် ယာဉ်များ ရေဆေးဆီလိုက် ပြုလုပ်ခြင်းတို့ကို တစ်နေရာတည်းတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့်လည်း မိမိ၏မြို့အား အစဉ်သန့်ရှင်း သာယာစိမ်းလန်းကာ အမြဲလှပဖွံ့ဖြိုးတိုးတက်နေသည့် မြို့တော်ကြီးဖြစ်အောင် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့နယ်အမှုဆောင်အရာရှိ ဦးထွန်းထွန်းက မော်တော်ယာဉ်ရောင်းဝယ် ရေးစင်တာ တည်ဆောက်ခဲ့မှုလုပ်ငန်း အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


