ပုသိမ် မတ် ၁၈
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေထိန်းတံခါးများနှင့် မြေထိန်းနံရံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်- ရှောပြာ-ချောင်းသာကားလမ်း(တဲကြီးကုန်း)၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေထိန်း တံခါးများနှင့် မြေထိန်းနံရံဖွင့်ပွဲ မုခ်ဦးကို တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရေထိန်းတံခါးများကို ဆက်လက်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ရေထိန်းတံခါးများနှင့် မြေထိန်း နံရံအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် “ရိုးသားကြိုးစား ဧရာဝတီသား” ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပုသိမ်- ရှောပြာ-ချောင်းသာလမ်း ပုသိမ်မြို့တွင်းအပိုင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပုသိမ်မြို့နယ် ကြခတ်ချောင် ကျေးရွာ၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာ သိပ္ပံ(ပုသိမ်) သုံးထပ်သင်တန်းသားဆောင် (၁၃၆ ပေ x ၄၄ ပေ)ဖွင့်ပွဲသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ပေးပြီး သုံးထပ်သင်တန်းသားဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ အားကစားနှင့် ကာယပညာသိပ္ပံ(ပုသိမ်)မိုးလုံလေလုံ အားကစားရုံတွင် နွေရာသီအခြေခံ အားကစားသင်တန်းဖွင့်လှစ် သင်ကြားနေမှုများကို ဆက်လက်ကြည့်ရှု အားပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များသည် ပုသိမ်မြို့နယ် မရမ်းချောင်းကျေးရွာ Ayeyarwaddy Fisheries Limited ၏ ငါးမွေးကန်အား သွားရောက်ကြည့်ရှုပြီး (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအတွက် ပြသရန်စိုက်ပျိုးခဲ့သော အိန္ဒိယ နေကြာမျိုး (Suryakiran) ဆီထွက်သီးနှံနေကြာ စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်၍ တောင်သူများနှင့် တွေ့ဆုံကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ယင်းနောက် ကျင်းစနစ်ဖြင့် စမ်းသပ်စိုက်ပျိုးခြင်းမှ ရိတ်သိမ်းသည့်နေကြာပွင့်များ၊ နေကြာ စိုက်ခင်းမှ ရိတ်သိမ်းသည့် နေကြာပွင့်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရှိ ပျားကျွမ်းကျင်ဝန်ထမ်းများက နေကြာစိုက်ခင်းများတွင် ဝတ်မှုန်ကူးဝန်ဆောင်မှု ဆောင်ရွက်ရန် ချထားသည့် ပျားပုံးများရှိ ပျားသလက်များမှ ပျားရည်စုဆောင်းရရှိမှုနှင့် လက်တွေ့ပျားရည် ထုတ်ယူပြသမှုများ၊ နေကြာစံကွက် ရိတ်သိမ်းခြင်းမှ ရရှိသည့်နေကြာပွင့်များအား အစေ့ခြွေခြင်းတို့ကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ အစိုးရနည်းပညာအထက်တန်း ကျောင်း (ပုသိမ်) ၌ မြို့ပြပုံဆွဲ ဘာသာရပ်၊ အခြေခံ ပရိုဂရမ် မိတ်ဆက်ဘာသာရပ်နှင့် စက်မှုပုံဆွဲ ဘာသာရပ် ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး ရန်ကုန်-ပုသိမ် လမ်းမိုင် (၅၆/၀-၆၃/၀)အတွင်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ မိုင် (၅၈/၁-၅၈/၂)အတွင်း လက်ဝဲဘက်ခြမ်းမျက်နှာပြင်လွှာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မိုင်(၅၈/၆-၅၈/၇)အတွင်း လက်ယာဘက်ခြမ်းမျက်နှာပြင်လွှာ ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းနှင့် မိုင်(၆၁/၁-၆၁/၂)အတွင်း လက်ယာဘက်ခြမ်း မျက်နှာပြင်လွှာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


