နေပြည်တော် ဩဂုတ် ၁၃

(၈)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး (8th ASEAN Ministerial Meeting on Drug Matter - AMMD)ကို  ဩဂုတ် ၁၀ရက်မှ ၁၁ရက်အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် (၆)ဦးတက်ရောက်ခဲ့ပြီး အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး  ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား တပ်မတော်အရာရှိကြီးများနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

(၈)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့  အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူးရုံးတို့မှ ကိုယ်စားလှယ်များ တက် ရောက်ကြပြီး လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး H.E. Pol.Gen. Vilay Lakhamfong က အဖွင့်အမှာစကားပြောကြား၍ အစည်းအဝေးကို ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်ခေါင်းဆောင်များက အဖွင့်အမှာ စကားပြောကြားကြရာတွင် မြန်မာနိုင်ငံကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ကမ္ဘာပေါ်ရှိနိုင်ငံအများစု၌ လူလုပ်မူးယစ်ဆေးဝါး(Synthetic Drug) ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများသည် အဓိကခြိမ်းခြောက်လျက်ရှိသည့် ပြဿနာဖြစ် ကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်း ကျူးလွန်သူဂိုဏ်းအဖွဲ့များ၏ ကွန်ရက်ကျယ်ပြန့်မှု၊ မှောင်ခို ဈေးကွက်ချဲ့ထွင်လာမှုများကြောင့် မူးယစ်ဆေးဝါးပြဿနာကို ပိုမိုရှုပ်ထွေးလာစေကြောင်း၊ မူးယစ် ဆေးဝါးမှုခင်းများနှင့် ဆက်နွယ်နေသည့် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုစသည့် မှုခင်းများကို အထောက်အပံ့ဖြစ်စေပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေသော စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေကြောင်း။ 

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး   မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေမှုတို့ကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းအမြောက်အမြားကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း။

ဘိန်းစိုက်ပျိုးရာဒေသများ၌ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက် ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံတည်း ဆောင်ရွက်၍မရနိုင်သဖြင့် နိုင်ငံအားလုံး ပူးပေါင်း ဆောင်ရွက်မှုသည် အလွန်အရေးကြီးပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံရေး ရောယှက်မှုများကင်းရှင်းစွာ သတင်းအချက်အလက်ဖလှယ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ယခုအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အတွေ့အကြုံကောင်းများ၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ် ကောင်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အနာဂတ်တွင် မူးယစ်ဆေးဝါးကင်းစင်သော အာဆီယံအသိုက်အဝန်းဖြစ်စေရေး အားလုံးအတူတကွ လက်တွဲကြိုးပမ်း သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

အစည်းအဝေး၌ အာဆီယံကိုယ်စားလှယ်ခေါင်းဆောင်များက (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးကော်မရှင် (CND)အစည်းအဝေးတွင် ထုတ်ပြန်ကြေညာမည့် အာဆီယံပူးတွဲကြေညာချက် နှင့်ပတ်သက်၍ ဆွေးနွေးမှုများ၊ အာဆီယံ၏လတ်တလော မူးယစ်ဆေးဝါးအခြေအနေများ၊ (၄၄)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ အစီရင်ခံစာနှင့်နောက်ဆက်တွဲဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ဘေးကင်းလုံခြုံသော လူမှုအဖွဲ့ ဖြစ်စေရေး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အာဆီယံလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)နှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။

အစည်းအဝေးအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး H.E. Pol. Gen. Vilay Lakhamfong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် Bilateral တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံနှင့် ပြည်ထဲရေး ဝန်ကြီးဌာနများ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ မြန်မာ-လာအို ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့်နားလည်မှုစာချွှန်လွှာအရ နှစ်စဉ်အပြန်အလှန်အစည်းအဝေးများ ပြန်လည်စတင် ဆောင်ရွက်နိုင်ရန်၊ နှစ်နိုင်ငံနယ်စပ်ဒေသထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှုနှင့် Online လိမ်လည်ရာဇဝတ်မှုများတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ မြန်မာ-လာအိုနှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများနှင့် ချစ်ကြည်ရေးတံတားတို့အား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်၍ နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့်ကိစ္စရပ်များ ဆောင်ရွက်ရန်တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ညနေပိုင်းတွင် လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Pol.Gen. Vilay Lakhamfong က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ဖလှယ်ခဲ့ကြသည်။

အဆိုပါခရီးစဉ်တွင် ကြိုတင်ရောက်ရှိနေသည့် မြန်မာနိုင်ငံ၊ မူးယစ်တားဆီးကာကွယ်ရေးဗဟို အဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၁၀ ရက်တွင် (၈)ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး၏ အာဆီယံအဆင့်မြင့် အရာရှိကြီးများ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ဇူလိုင် ၅ ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် (၄၄)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ ASOD အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ်ဝင်းနိုင်က ယင်းအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ အစီရင်ခံစာနှင့် နောက်ဆက်တွဲဆောင်ရွက်ရမည့် ကိစ္စရပ်များကို အကျဉ်းချုပ်ဆွေးနွေးတင်ပြခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများမှ (၆၇)ကြိမ်မြောက် မူးယစ်ဆေးဝါးကော်မရှင် (CND)အစည်းအဝေးတွင် ထုတ်ပြန် ကြေညာမည့် အာဆီယံပူးတွဲကြေညာချက်(မူကြမ်း)နှင့် ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ (၈)ကြိမ်မြောက်အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးအစီအစဉ်နှင့် သဘာပတိ မိန့်ခွန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ အာဆီယံမူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်း အစီရင်ခံစာ ၂၀၂၂ ခုနှစ် ထုတ်ပြန်နိုင်ရေးများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်