ရန်ကုန် ၇ မတ်

 

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ (NCA - S EAO)၏ နှစ်ဖက် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ဆက်လက်ကျင်းပသည်။

 

mdn

 

အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA - S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်း၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ်ကလူစေး၊ စောကျော်ညွန့်၊ ဆော်လမွန်၊ ဒေါက်တာစိုင်းဦးနှင့် နန်းယဉ်ယဉ်စိုးတို့ တက်ရောက်ကြသည်။

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိဂုံးချုပ်အမှာစကားပြောကြားရာ၌ “နှစ်ရက်တာကာလအတွင်း NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်တွေကို ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုများ ကဏ္ဍတွေကို ဆက်ပြီးဆွေးနွေးခဲ့ကြပါတယ်။

 

တစ်ဖက်မှာလည်း ကျွန်တော်တို့ ဆွေးနွေးထားခဲ့တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ကိစ္စကိုလည်း နိုင်ငံရေးဆွေးနွေးပွဲတွေ ဆွေးနွေးနေတဲ့ တစ်ပြိုင်တည်းမှာ အကောင်အထည်ဖော်နိုင်ဖို့အတွက် နှစ်ဖက်သဘောထားတွေကိုလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဆွေးနွေးခဲ့တဲ့ အချက်တွေအပေါ်မှာ နှစ်ရက်တာ ကာလအတွင်းမှာ သဘောတူတဲ့ အချက်တွေရှိသလို ဆက်ဆွေးနွေးရမယ့် အချက်တွေလည်း အများကြီးရှိပါသေးတယ်။ နောက်ဆွေးနွေးပွဲတွေမှာတော့ တဖြည်းဖြည်းနဲ့ သဘောတူညီနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

 

အစည်းအဝေးတွေကို JICM အစည်းအဝေး ဆုံးဖြတ်ချက်တွေနဲ့အညီ ဆက်လက်ပြီး လျာထားသက်မှတ်တဲ့ ရက်တွေအတိုင်း အလုပ်အဖွဲ့အစည်းဝေးတွေကို ကျွန်တော်တို့ တောက်လျောက် ကျင်းပဆောင်ရွက်နိုင်ခဲ့ပါတယ်။ UPDJC အတွင်းရေးမှူးအစည်းအဝေး၊ UPDJC အစည်းအဝေး၊ JMC အစည်းဝေးတို့ကို ဆက်တိုက်ကျင်းပပြုလုပ်သွားဖို့ရှိပါတယ်။ ဒီအရာတွေကို လုပ်ဆောင်ဖို့ နှစ်ဖက်သဘောတူညီမှု ရရှိပြီးဖြစ်ပါတယ်။ အစည်းဝေးတွေကနေတစ်ဆင့် JICM အစည်းဝေးမှာ ပြန်လည်တင်ပြဖို့၊ JICM အစည်းဝေးကျင်းပနိုင်ဖို့။ နိုင်ငံရေးဆွေးနွေပွဲတွေ သက်မှတ်နိုင်ဖို့ ကိစ္စတွေလည်း ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ သက်မှတ်လျာထားချက်တွေနဲ့အညီ အစည်းအဝေးတွေ ကျင်းပဆောင်ရွက်နိုင်ဖို့ကိုလည်း ဆွေးနွေးချက်ရလဒ်အနေနဲ့ အများကြီးခရီးရောက်ပါတယ်လို့ ပြောလိုပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက “ဒီအစည်းဝေးမှာ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေက ပြန်လည်ယူဆောင်လာတဲ့ အဆိုပြုချက်တွေကို အသေးစိတ်ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပြီး သဘောတူညီချက်တွေ ထပ်မံရရှိခဲ့ပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ ချုပ်ဆိုမယ့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်၊ ၂၀၂ဝ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ ဖက်ဒရယ်အခြေခံမူများကို ဒီအစည်းအဝေးမှာ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပြီး ရှေ့သို့တစ်ဆင့်တက်လှမ်းနိုင်ခဲ့ခြင်းဟာ နှစ်ဖက်ပူးတွဲအလုပ်အဖွဲ့ငယ်တွေရဲ့ ကြိုးပမ်းမှုကြောင့်ပဲ ဖြစ်ပါတယ်။

 

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် အစီအစဉ်များကို ညှိနှိုင်းနိုင်ခဲ့သလို UPDJC အတွင်းရေးမှူးများ အစည်းအဝေးကို လာမယ့် မတ်လ ၁၀ ရက်နေ့နဲ့ UPDJC အစည်းအဝေးကို လာမယ့် မတ်လ (၁၂) ရက်နေ့မှာ ကျင်းပဖို့သဘောတူညီခဲ့ခြင်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပနိုင်ဖို့အတွက် အရေးပါတဲ့ UPDJC ကို ပြန်လည်သက်ဝင်လှုပ်ရှား လာစေတော့မှာ ဖြစ်ပါတယ်။

 

NCA စာချုပ်လက်မှတ် မရေးထိုးသေးတဲ့ EAO တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာနိုင်ရေး နည်းလမ်းများအတွက် ဒီအစည်းအဝေးမှာ အမြင်ချင်းဖလှယ်နိုင်ခဲ့တယ်။ ဖက်ဒရယ်အခြေခံမူ ရရှိရေးအတွက် အစိုးရက ဒီမိုကရေစီဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်မှု (၅)ချက်ဆွေးနွေးခဲ့သလို မိမိတို့ အနေနဲ့လည်း NCA-S EAO ရဲ့ ဖက်ဒရယ်မူတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ ရရှိလာတဲ့ ဖက်ဒရယ်အခြေခံမူ သဘောတူညီချက်တွေကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

 

ဒီတတိယအကြိမ် ညှိနှိုင်းအစည်းအဝေးမှတဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သက်မှတ်ထားတဲ့ အချိန်ကာလအတွင်း ကျင်းပနိုင်ဖို့ မိမိတို့နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့တွေကြားမှာ တစ်ဖက်ကိုတစ်ဖက် နားလည်မှုရှိရှိနဲ့ လုပ်ငန်းအစီအစဉ်တွေမှာ လက်တွဲညီညီ ဝိုင်းဝန်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ပါတယ်” ဟု နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

ယနေ့ကျင်းပသည့် အစိုးရနှင့် NCA-S EAO နှစ်ဖက်အလုပ်အဖွဲ့၏ (၈)ကြိမ်မြောက် (JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး တတိယ ညှိနှိုင်းအစည်း အဝေးအပြီးတွင် UPDJC အတွင်းရေးမှူးများအစည်းဝေးကို မတ် (၁၀) ရက်တွင် ကျင်းပရန်နှင့် UPDJC အစည်းအဝေးကို မတ် (၁၂) ရက်တွင် နေပြည်တော် NRPC ရုံးတွင် ကျင်းပရန် သဘောတူညီခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင်ချုပ်ဆိုမည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်၊ ၂၀၂ဝ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်နှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများ၊ အစိုးရနှင့် NCA-S EAO တို့၏ ဖက်ဒရယ် အခြေခံမူများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 

သတင်း- ရဲခေါင်ညွန့်၊ ဓာတ်ပုံ- ဖိုးထောင်