နေပြည်တော် အောက်တိုဘာ ၂၅

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကျင်းပနိုင်ရေးအတွက်   အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) တို့၏ အကြို ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည်။

 

fsfs

 

အစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့်  ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊  အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချို၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ NCA–S  EAOs မှ JICM အစည်းအဝေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ခွန်မြင့်ထွန်း၊ နိုင်အောင်မငေး၊ ဆော်လမွန်၊ ပဒိုအယ်ကလူစေး၊ စောကျော်ညွန့်၊ စောစိန်ဝင်း၊  ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ဒေါ်စောမြရာဇာလင်း၊ ရဲဘော်မျိုးဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က အကြောင်းအမျိုးမျိုးကြောင့် အပစ်ရပ်လုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ် တရားဝင် အစည်းအဝေးများတွင် ပါဝင်မှုကို ရပ်ဆိုင်းထားခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်ဆွေးနွေးပွဲ များနှင့် အစည်းအဝေးများ ကျင်းပနိုင်ခြင်း မရှိခဲ့သည့်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပပြီးနောက် တစ်နှစ်ကျော်ကြာ သည်အထိ ပင်လုံညီလာခံ စတုတ္ထအစည်းအဝေးကို ကျင်းပနိုင်မှု မရှိသေးခြင်းဖြစ်ပါ ကြောင်း။

အစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ပုံမှန် နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိနိုင်ရန် အလွတ်သဘော တွေ့ဆုံမှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ တတိယအကြိမ် ပင်လုံ ညီလာခံ နောက်ပိုင်းယနေ့အထိ အစိုးရကိုယ်စားလှယ်များသည် KNU နှင့် တွေ့ဆုံဆွေး နွေးမှု (၇)ကြိမ်၊ RCSS နှင့်တွေ့ဆုံမှု (၆)ကြိမ်၊ CNF နှင့်တွေ့ဆုံမှု (၁)ကြိမ်၊ ALP နှင့် တွေ့ဆုံမှု(၁)ကြိမ်အပြင် NCA-S EAO (၁၀)ဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့နှင့်  (၁၁)ကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေး ခဲ့ပါကြောင်း။

နော်ဝေနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံ အစိုးရများ၏ ပူးပေါင်းစီစဉ်မှုဖြင့် UPDJC အတွင်းရေးမှူးများ၏ သီးသန့်အစည်းအဝေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လေ့လာရေး ခရီးစဉ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၆ ရက်အထိ သွားရောက်ခဲ့ရာ NCA-S EAOs အစုအဖွဲ့၏ UPDJC အတွင်းရေးမှူးများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းခဲ့ကြပါကြောင်း။ ကာလ ရှည်ကြာ ရပ်နားထားခဲ့ရသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို JICM အစည်းအဝေး သဘောတူညီချက်များဖြင့် ပြန်လည်စတင်နိုင်ရန် ဆွေးနွေးခဲ့ကြပါကြောင်း။ အဆိုပါ ဆွေးနွေးမှုများ၏ အကျိုးဆက် ရလဒ်အနေဖြင့် ယနေ့ ကျင်းပသည့် JICM အစည်းအဝေး ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်သည့် အလုပ်အဖွဲ့ အကြိုညှိနှိုင်း အစည်းအဝေးကို ကျင်းပခြင်း ဖြစ်ပါကြောင်း။

အစိုးရအနေဖြင့် NCA ပိုမိုခိုင်မာလာရန် Parallel ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် (၄) ရပ်ကို အဆိုပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပြုချက်များအပေါ် တူညီသည့် သဘောတရား အကြောင်းအရာများ ရှိနေမည်ဟု ယုံကြည်ပါကြောင်း။

အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊  ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ နိုင်ငံရေး သဘောတူညီချက်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာမှုဆိုင်ရာ သဘောတူညီချက်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ သဘောတူညီချက်များ၊ ၂၀၂၀ အလွန်ကာလတွင် ဆက်လက် ဖော်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များဖြင့် အကောင်အထည်ဖော်မှု အဆင့်ဆင့်ကို ကျင်းပမည့် ညီလာခံတွင် သဘောတူ အတည်ပြုနိုင်ရန် မျှော်လင့်ပါကြောင်း။

ယနေ့ အစည်းအဝေးသည် တရားဝင် တွေ့ဆုံဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေးအတွက် သဘောတူညီမှုများ ဖော်ဆောင်နိုင်မည့် အစည်းအဝေးဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊  JICM အစည်းအဝေးကို မကြာမီကာလအတွင်း ကျင်းပနိုင်ရန် JICM အစည်းအဝေးတွင် ဆွေးနွေးမည့် အစီအစဉ်များကို နှစ်ဖက်ကြိုတင် ဆွေးနွေးညှိနှိုင်းရန် တစ်နှစ် ကျော်ကြာ ရပ်နားထားသည့် တရားဝင် အစည်းအဝေးများမှတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပနိုင်ရေးစသည့် အရေးကြီးသော ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်မည် ဖြစ်ပါကြောင်း၊  JICM Mandate တိုးချဲ့ရေးအတွက် နှစ်ဖက်ခေါင်းဆောင်များအကြား သဘောတူညီပြီး ဖြစ်ပါကြောင်း၊  အဆိုပါ JICM Mandate ပြင်ဆင်နိုင်ရေးကို ယနေ့ ညှိနှိုင်းကြမည်ဖြစ်ပါကြောင်း၊  ယနေ့ အစည်းအဝေးတွင် နှစ်ဖက် ညှိနှိုင်းရရှိသည့် သဘောတူညီချက်များကိုမကြာမီ ကျင်းပမည့် JICM အစည်းအဝေးတွင် တင်ပြ၍ ဆုံးဖြတ်ချက်ရယူကာ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးသည် မိမိတို့ အားလုံး၏ ရည်မှန်းချက်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ တူညီသည့် ရည်မှန်းချက်၊ တူညီသည့်ပန်းတိုင်သို့ ရောက်ရှိရန် ဘုံတူညီမှုများကို ကြိုးစားရှာဖွေပြီး စိတ်ရှည်မှု၊ နားလည်မှု အပေးအယူများဖြင့် မိမိတို့ ပန်းတိုင်သို့ရောက်ရှိရန် မြန်နိုင်သမျှ မြန်မြန်သွားနိုင်ရန် လိုအပ်ပါကြောင်း၊ ရပ်တန့်နေ၍ မရပါကြောင်း၊ သို့မှသာ အားလုံးလိုလားတောင့်တနေကြသည့် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း။

ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခေါင်းဆောင်များ အပါအဝင် ယနေ့ အစည်းအဝေး ဖြစ်မြောက်ရန် ဆောင်ရွက်ပေးကြသူများနှင့် တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရန်  အဘက်ဘက်က ပံ့ပိုးကူညီခဲ့ကြသူများ အားလုံးကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ လက်တွေ့ကျသည့် သဘောတူညီချက်များနှင့် ရှေ့ဆက်မည့် အကောင်အထည်ဖော် ဆောင်မှုများကို နှစ်ဘက်သဘောတူ ချမှတ်နိုင်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် JICM အစည်းအဝေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)သည် NCAစာချုပ်၏ အမြင့်ဆုံးယန္တရား ဖြစ်သကဲ့သို့ NCA စာချုပ်အကောင်အထည် ဖော်ဆောင်မှုအတွက် အဓိကအရေးပါသည့် ပဲ့ကိုင်ရှင်ဖြစ်၍ JICM ၏ လမ်းညွှန်မှု၊ ဦးဆောင်မှုနှင့်  တစ်ဆို့ခြင်းများကို ဖြေရှင်းပေးမှုများ သည်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အသက်သွေးကြောဖြစ်ပါကြောင်း။

အကြောင်းအမျိုးမျိုးကြောင့် JICM အစည်းအဝေးကို တစ်နှစ်ကျော်ကြာ မကျင်းပနိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကြီးမားသည့် ထိခိုက်နစ်နာမှုများကို ဖြစ်စေခဲ့ပါကြောင်း၊ အခက်အခဲ အမျိုးမျိုးကြားမှ  ညှိနှိုင်းမှု အဆင့်ဆင့်ကို ကျော်ဖြတ်၍ ယနေ့ အကြိုညှိနှိုင်းအစည်းအဝေး ဖြစ်မြောက်ရန် စိတ်ရှည်စွာ ကြိုးပမ်း ဆောင်ရွက်ပေးကြသည့်  နှစ်ဖက်ခေါင်းဆောင်များကို ကျေးဇူးအထူးတင်ရှိပါကြောင်း။

JICM အစည်းအဝေးအတွက် ဆွေးနွေးမည့် အကြောင်းအရာများကို ယနေ့အကြို ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းရန် ရှိသကဲ့သို့ အခြားအရေးကြီးသည့် ခေါင်းစဉ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသွားရန် ရှိပါကြောင်း။

၂၀၁၉ခုနှစ် ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် ကျင်းပခဲ့သည့် UPDJC အတွင်းရေးမှူးများ အလွတ်သဘော အစည်းအဝေးမှ ပြန်လည်အစပျိုးခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့များ တွေ့ဆုံမှုမှတဆင့် UPDJC အတွင်းရေးမှူးများ ဥရောပ လေ့လာရေးခရီးစဉ်အဆုံး နှစ်ဖက်စလုံး အလျှော့အတင်း ပြုလုပ်နိုင်မှုများကြောင့် ယနေ့အကြို ညှိနှိုင်းအစည်းအဝေးကို ကျင်းပနိုင်ခြင်း ဖြစ်ပါကြောင်း။

အစိုးရပိုင်းတွင် ညှိနှိုင်းမှုများ ပြုလုပ်ရသကဲ့သို့ မိမိတို့ NCA-S EAO (၁၀)ဖွဲ့အကြားတွင်လည်း အကျေအလည် ညှိနှိုင်းမှုများကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ရပါကြောင်း၊ အချင်းချင်းကြား ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်ရန် ကြိုးပမ်းခဲ့ရပါကြောင်း၊ သူ့ဘက်ကိုယ့်ဘက် မျှမျှတတဖြစ်ရန် ဟန်ချက်ညီရန် လုပ်ရခြင်းများရှိပါကြောင်း၊ တစ်ဖွဲ့ချင်း အကျိုး၊ အစုအဖွဲ့အလိုက်အကျိုးနှင့် အားလုံးအကျိုးအကြား သဟဇာတနှင့် အချိတ်အဆက်မိရန် ဆောင်ရွက်ရခြင်းများလည်း ရှိပါကြောင်း၊ ပွတ်တိုက်မှုများမရှိအောင် ထိန်းညှိပေးရသည့် အပိုင်းများလည်း ရှိပါကြောင်း။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံကို တစ်နှစ်တွင် နှစ်ကြိမ် ကျင်းပရမည်ဆိုသည့်အတိုင်း ကျင်းပနိုင်ခဲ့လျှင် လေးနှစ်တာကာလအတွင်း ညီလာခံ (၈)ကြိမ် ကျင်းပပြီးစီးရမည် ဖြစ်ပါကြောင်း၊  ပြည်ထောင်စုသဘောတူစာချုပ်ပါ အချက်များသည် ယခုရရှိထားသည့် (၅၁)ချက် မျှသာမက အချက်ပေါင်းများစွာ ရရှိပြီး ခိုင်မာသည့် ဖက်ဒရယ် အခြေခံအုတ်မြစ်များကို ချမှတ်နိုင်ခဲ့ပြီး ဖြစ်လိမ့်မည်ဖြစ်ပါကြောင်း၊  သို့သော် အစုအဖွဲ့များ အကြား ရှိနေသည့် မယုံကြည်မှုများ၊ စိုးရိမ်ကြောင့်ကြမှုများ၊ အစွန်းရောက်မှုများနှင့်  အသာစီး ရလိုမှုများကို မချေဖျက်နိုင်ခဲ့၍ ၂၁ရာစုပင်လုံကို သတ်မှတ်ထားသည့် အချိန် ကာလအတိုင်း မကျင်းပနိုင်ခဲ့ခြင်းသည် မိမိတို့အားလုံးတွင် တာဝန်ရှိပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုများဖြင့် ၂၁ရာစုပင်လုံ ကျင်းပရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

တစ်ဖက်တွင် လက်ရှိ နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးအခင်းအကျင်းအရ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အမြန်ဆုံး ပြန်လည်စတင်ရေးစမှတ်သည် မရှိမဖြစ် လိုအပ်သဖြင့် ယနေ့ အကြိုညှိနှိုင်း အစည်းအဝေးတွင် ကောင်းမွန်သည့် ရလဒ်များရရှိရန် ဆွေးနွေးညှိနှိုင်းရမည် ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးမှ JICM အစည်းအဝေးဆီ ဆက်လက်ချီတက်ပြီး တရားဝင် နိုင်ငံရေးဆွေးနွေးပွဲ၊ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲများနှင့်  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရေး ဆွေးနွေးပွဲများကို တဆင့်ပြီးတဆင့် ကျင်းပသွားရန် စီစဉ်ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း။

မိမိတို့ ဆွေးနွေးဖော် ဆွေးနွေးဖက်နှစ်ဦးသည် NCAကို လက်မှတ်ရေးထိုးပြီးဖြစ်၍ NCA တွင် ပြဋ္ဌာန်းထားသည့်အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်မည်ဆိုလျှင် ငြိမ်းချမ်းရေးလမ်းသည် ချောမွေ့ဖြောင့်ဖြူး နေမည်ဖြစ်ပါကြောင်း၊ ထိုသို့မဟုတ်ဘဲ NCA ပါပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြု၊  လောဘ၊ ဒေါသ၊ အတ္တ၊ မာနများကို ရှေ့တန်းတင်၊ အင်အားကြီးမှုကို အားပြုပြီး မိမိစိတ်တိုင်းကျ ဆက်လက်ဆောင်ရွက်မည်ဆိုလျှင် ငြိမ်းချမ်းရေးလမ်းခရီး ပန်းတိုင်သည် ဝေးသထက်ပိုဝေးနေဦးမည် ဖြစ်ပါကြောင်း။

လာမည့် အောက်တိုဘာလ (၂၈)ရက်တွင် NCA (၄)မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်၍  NCA ၏ အရှိန်အဝါ၊ ခိုင်မာမှုများ၊ အပြန်အလှန် အသိအမှတ်ပြုမှုများ၊ အနစ်သာရများ၊ ကတိကဝတ်ပြုမှုများ၊ အတွေးသစ် အမြင်သစ်များနှင့်  ယုံကြည်မှုများကို ပြန်လည်ဖော်ထုတ်ရန် လိုအပ်ပါကြောင်း။

အခက်အခဲအမျိုးမျိုး၊ စိန်ခေါ်မှုအဖုံဖုံကြားမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားသွန်ခွန် စိုက်ဆောင်ရွက်နေခြင်းသည် မိမိတစ်ဦးတည်း၊ မိမိတစ်ဖွဲ့တည်း၊ မိမိအစုအဖွဲ့ တစ်ခုတည်း၏ အကျိုးလိုခြင်းသည် ပဓာနမဟုတ်ဘဲ ပြည်ထောင်စုသားအားလုံးအတွက် ဆောင်ရွက်နေခြင်း ဖြစ်သည်ဆိုသည်ကို သတိမူမိရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် JICM အစည်းအဝေးတွင် သဘောတူညီမှုရယူနိုင်ရေး သဘောထား စုစည်းချက်များဖြစ်သည့်  NCA အခန်း(၃) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ နှင့် NCA အခန်း(၄) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ခြင်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးကိစ္စ၊ JICM ToR ပြင်ဆင်ရေးကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထအစည်းဝေးကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း အတွင်း ကျင်းပနိုင်ရေးနှင့် ညီလာခံ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် UPDJC အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပနိုင်ရေး ကိစ္စ၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) တွင် ထည့်သွင်းချုပ်ဆိုမည့် သဘောတူညီချက်များ ကိစ္စ၊ (၅) ကြိမ် မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက် အမှတ်(၆) ကို အကောင်အထည်ဖော်နိုင်ရေး ကိစ္စ၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ရေး ကိစ္စ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပိုမိုပါဝင်လာရေးအတွက် NCA အပေါ် အခြေခံ၍ ဆက်လက် ကြိုးပမ်းဆောင်ရွက်ရေး ကိစ္စတို့နှင့်စပ်လျဉ်း၍ နှစ်ဖက်သဘောထားများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ် ဉီးထွန်းထွန်းဦးနှင့် JICM အစည်းအဝေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ ေါင်းဆောင် စဝ်စိုင်းငင်း တို့က နိဂုံးချုပ်စကားများ ပြောကြားကြကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)