၉-၁၂-၂၀၂၃ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ဒီနေ့မှာတော့ မဟာဗျူဟာအမြင်ပေါ့ နည်းဗျူဟာအမြင် ဒါတွေနဲ့ပတ်သက်ပြီး နည်းနည်းလေး အသိပေးပြောကြားချင်ပါတယ်။ မဟာဗျူဟာအမြင်၊ နည်းဗျူဟာအမြင်နဲ့ပတ်သက်ပြီး ပြောကြားချင်တာကတော့ ကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်ပြီး အခုအချိန်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေရှိတယ်။ ယခင်ကအတိတ်သမိုင်းကြောင်းမှာ ဘာတွေဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ အခြေအနေရှိတယ်။ နောင်မှာဘာတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ အခြေအနေတွေရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ကမ္ဘာကြီးနဲ့ချီပြီးတော့မပြောပါဘူး။ မြန်မာနိုင်ငံနဲ့ အဓိကဆက်စပ်နေတဲ့နေရာတွေ၊ အရှေ့တောင်အာရှနေရာလောက်ဘဲ ကျွန်တော်ပြောချင်ပါတယ်။ ဒီအရှေ့တောင်အာရှပေါ့ ကျွန်တော်တို့ပြောနေတဲ့ အခု ASEAN ဒေသပေါ့ အဲဒီကွက်ကွက်ကလေးအမြင်နဲ့ဘဲ ကျွန်တော်တို့ကြည့်ပါမယ်။ လွန်ခဲ့တဲ့ ရှေ့အနှစ်နှစ်ဆယ်နီးပါးပေါ့။ အနှစ်နှစ်ဆယ်နီးပါးမှာ ASEAN ဒေသမှာ ကမ္ဘောဒီးယားလို၊ လာအိုလို အရှေ့မှာ ဗီယက်နမ်လိုဒေသတွေမှာ မငြိမ်မသက်မှုတွေဖြစ်ခဲ့တယ်။ အဲဒီအချိန် မှာ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့က တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတစ်ခုဖြစ်ခဲ့တယ်ဆိုတာ သမိုင်းမှာရှိခဲ့ပါတယ်။ အဲဒီတော့ အဲဒီနယ်မြေဒေသတွေမှာ မတည်မငြိမ်၊ မအေးမချမ်းဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တဲ့အချိန်မှာ ဘယ်သူ့ရဲ့ ဝင်ရောက်နှောင့်ယှက်မှုကြောင့် မတည်မငြိမ်၊ မအေးမချမ်းဖြစ်ခဲ့တာလဲ ဒါကိုအားလုံးသိပြီးသားဖြစ်ပါတယ်။ အနီးစပ်ဆုံးပြောရမယ်ဆိုရင် ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ ဘယ်သူ့ကြောင့်ဖြစ်ခဲ့တာလဲဆိုတာ အားလုံးမြင်ပြီးသားဖြစ်လိမ့်မယ်။ ဟိုးအဝေးကနေပြီး ဘယ်သူက ဝင်ရောက်နှောင့်ယှက်တာလဲဆိုတာ အကုန်လုံးမြင်နိုင်ပါတယ်။ အဲဒီဗီယက်နမ်စစ်ပွဲ၊ ကိုရီးယားစစ်ပွဲတွေကြောင့် ဘယ်သူတွေချမ်းသာသွားသလဲ။ ဘယ်သူတွေချမ်းသာသွားသလဲလို့ဆိုတဲ့နေရာမှာ ကမ္ဘာမှာရှိတဲ့ ဘယ်သူတွေချမ်းသာသွားသလဲလို့ ကျွန်တော်တို့ဆိုလိုတာမဟုတ်ဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဘယ်သူတွေကချမ်းသာသွားသလဲ တွေ့နိုင်ပါလိမ့်မယ်။ ဒီနေ့အထိ အရှေ့တောင်အာရှတစ်ခွင်မှာ စွမ်းအင်နဲ့ပတ်သက်ပြီး၊ ဓာတ်ဆီ၊ ဒီဇယ်၊ ရေနံနဲ့ပတ်သက်ပြီး ဘယ်သူကဈေးကွက်ချယ်လှယ်ထားသလဲ၊ အဲဒီဈေးကွက်ချယ်လှယ်မှုရဲ့ အခြေခံအဆောက်အအုံတွေ ဘယ်ကနေရရှိခဲ့သလဲဆိုရင် ဒီစစ်ပွဲတွေကနေဘဲ အများဆုံးရခဲ့တာပါ။ ဒီစစ်ပွဲတွေကနေဘဲထားခဲ့တာ။ ဒါတွေကို ကြည့်မြင်နိုင်မယ်ဆိုရင် ကျွန်တော်တို့နဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်ရဲ့အခြေအနေကို ကျွန်တော်တို့သိမြင်နိုင်လိမ့်မယ်လို့ ပြောချင်ပါတယ်။ ဒီနေ့တွေမှာ ယခုလက်ရှိအခြေအနေမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ လက်နက်ကိုင်ပဋိပက္ခအချို့ ဖြစ်ပွားနေတာရှိတယ်။ ဒီရဲ့နောက်ကွယ်မှာ ဘာရှိလဲ၊ ဘယ်သူရှိလဲဆိုတာကိုလည်း သိနိုင်မှာဘဲဖြစ်ပါတယ်။ ဒီရဲ့နောက်ကွယ်မှာရှိနေတဲ့ လွှမ်းမိုးချင်နေတဲ့အဖွဲ့အစည်းက ဒါဘဲဖြစ်တယ်။ ဒါပေမယ့် ဒီအဖွဲ့အစည်းက အရှေ့တောင်အာရှမှာတော့ အခြေမခံတော့ဘူး။ အခုအချိန်မှာအခြေခံအနေနဲ့ အရှေ့အာရှမှာ အခြေခံလာတာကို အံ့ဩဖွယ်တွေ့ရပါတယ်။ အဲဒီတော့ NUG, PDF အမည်ခံ အဓိကကတော့ NUG အမည်ခံ အကြမ်းဖက်အဖွဲ့အနေနဲ့ အခုအချိန်မှာ ကျွန်တော်တို့ဒေသအတွင်းက ဘယ်နိုင်ငံတွေကို သွားလာနေလဲ၊ နောက်ဆက်တွဲမှာ အမေရိကန်ရဲ့အထောက်အပံ့လူပုဂ္ဂိုလ်တွေက ဘယ်နိုင်ငံကို အမြဲတမ်းသွားလာနေလဲဆိုရင် အရှေ့အာရှနိုင်ငံတစ်နိုင်ငံကိုသွားလာနေပြီး လှုံ့ဆော်နေတာတွေ၊ စည်းရုံးနေတာတွေလုပ်နေတာကို အခုအမြဲတမ်းတွေ့နေရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ သတိရှိရမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။

နောက်တစ်ခုကတော့ သတင်းတု၊ သတင်းမှားတွေကိစ္စဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်မှာရှိတဲ့ မုန်းဒေသက မုန်းတိုက်နယ်ပေါ့။ တိုက်ပွဲတောင်ပြီးခဲ့တာကြာပါပြီ။ ဒါပေမယ့် အနောက်အားကိုးမီဒီယာတွေအနေနဲ့ အခုချိန်အထိတိုက်ပွဲ ကမပြီးသေးဘူး။ အဲဒီမှာဖြစ်နေတုန်းဘဲ။ ဘယ်နေရာမှာတော့သိမ်းလိုက်ပြီ၊ ဘယ်နေရာမှာတော့ မီးရှို့လိုက်ပြန်ပြီဆိုတာ လုပ်နေတုန်းဘဲဖြစ်ပါတယ်။ ဒါတွေက ဘာကိုလုပ်နေတာလဲဆိုတော့ ကျွန်တော်မနေ့ကပြောခဲ့သလိုဘဲ အဓိကကတော့ သူတို့ရဲ့ပုံရိပ်ကို ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေမြှင့်တင်နေတာ၊ ပြည်သူလူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်နေတာဖြစ်ပါတယ်။ အဲဒီတော့ ဗကပအထဲမှာ ကျွန်တော်တို့ ရဲဘော်သုံးကျိပ်ဝင်ဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ်ကျော်ဇော တောခိုသွားတယ်။ တောခိုပြီးသိပ်မကြာဘူးဗျ အမြင်နှစ်မျိုးဘဲထွက်ပေါ်လာတယ်။ ဗကပရဲ့အမြင်ဘဲ။ ဗကပအထဲမှာရောက်နေတဲ့ တောခိုကျောင်းသားတွေရဲ့အမြင်က ဗိုလ်မှူးချုပ်ကျော်ဇောကို ဗကပအထဲမှာရောက်နေတဲ့ ရုပ်သေးရုပ်ဆိုပြီးပြောကြတယ်။ သူ့မိန်းမကိုယ်တိုင်က ဘာပြောခဲ့လဲဆိုတော့ ဗကပဆိုတာအဝေးကကြည့်ရင်တော့ရွှေတောင်ကြီးဘဲတဲ့၊ အနီးကပ်ကြည့်မှ နွားချီးပုံမှန်း သိရပါတယ်တဲ့။ ဒါကဥပမာတစ်ခုဘဲပြောတာပါ။ အဲဒီခေတ်တုန်းက ဗိုလ်မှူးချုပ်ဆိုတဲ့ရာထူးက တော်တော်ကြီးကြီးမားမားရာထူးဖြစ်ပါတယ်။ အဲဒီလိုတောခိုခဲ့တဲ့လူတောင်မှ ဒီလိုမျိုးဖြစ်တယ်။ အဲဒီတုန်းက ဗကပရဲ့လွှမ်းမိုးမှုဘယ်လောက်ကြီးတယ်ဆိုတာ အားလုံးကသိရှိမှာဖြစ်ပါတယ်။ အခုအချိန်မှာ ဘာတွေလုပ်နေလဲဆိုရင် ပြည်သူလူထုကို ဘယ်သူ့ကိုဘယ်လိုသတ်လိုက်ပြီ၊ ဘယ်သူ့ကိုဘယ်လို ဗုံးခွဲလိုက်ပြီ၊ ဘယ်နေရာမှာဘယ်လိုဗုံးခွဲလိုက်ပြီဆိုပြီး ပြည်သူလူထုကို အကြောက်တရား ရိုက်သွင်းပေးနေတာဖြစ်တယ်။ ဒီအကြောက်တရားရိုက်သွင်းပေးပြီးမှ ဆွဲဆောင်မှုပေါ့ အစောပိုင်းကပြောသလို ဘယ်သူတွေကတော့ ဘယ်လိုဖြစ်လို့ ဘယ်လိုပူးပေါင်းတယ်ပေါ့။ ကျွန်တော်တို့တပ်မတော်သားတွေအနေနဲ့ ဘယ်သူမှသူရဲဘောကြောင်သူမရှိဘူး။ သွားပြီးပူးပေါင်းတဲ့လူမရှိဘူး။ မိသားစုတွေရဲ့ လုံခြုံရေးအရ၊ မိသားစုတွေရဲ့ အသက်အန္တရာယ်အရ ဖမ်းဆီးခံရတာတွေ ရှိကောင်းရှိနိုင်တယ်။ ဘယ်သူမှ သူရဲဘောကြောင်ပြီး သွားပြီးအညံ့ခံတဲ့သူ မရှိဘူး။ ရှိစရာလည်း အကြောင်းမရှိဘူး။ အရင်တုန်းက အကြောင်းအမျိုးမျိုးကြောင့် တပ်ကနေကင်းကွာသွားတဲ့ ခွင့်မဲ့ ပျက်ကွက်သူတွေလည်းရှိလိမ့်မယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိလိမ့်မယ်၊ ရဲတပ်ဖွဲ့ဝင်တွေ ရှိလိမ့်မယ်။ ဒီလိုလူမျိုးတွေကို ဒီအချိန်မှာအခွင့်ကောင်းယူပြီးတော့ ပြယုတ်အနေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့တပ်မတော်သားတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အားလုံးသတိရှိရမှာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

ဒီနေ့မှာတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ခမ်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ ဒီနမ့်ခမ်းကို MNDAA အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ တိုက်ခိုက်နေတာ တစ်လလောက်ရှိပါပြီ။ ပြည်သူလူထုလည်း မှတ်မိပါလိမ့်မယ်။ ဒီတိုက်ပွဲတွေဖြစ်ပြီး မကြာသေးဘူး နမ့်ခမ်းမြို့တစ်မြို့လုံးကို သူတို့ထိန်းချုပ်လိုက်ပြီဆိုပြီး ဓာတ်ပုံတွေနဲ့တက်လာတာတွေ့လိမ့်မယ်။ ဒါကလွန်ခဲ့တဲ့အောက်တိုဘာလလောက်ကတည်းက တက်လာတာဖြစ်ပါတယ်။ သူတို့ထိန်းချုပ်နိုင်ပြီဆိုရင် နမ့်ခမ်းကိုဘာကြောင့် အခုချိန်အထိ တိုက်နေသေးတာလဲ။ ဒါတွေက သူတို့ရဲ့အပြောနဲ့အလုပ်ဘဲဖြစ်ပါတယ်။ ဒီနမ့်ခမ်းဒေသမှာ စစ်ဆင်ရေး၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ အရာရှိ/စစ်သည်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အားလုံးကို အသိအမှတ်ပြုဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။ လောက်ကိုင်မှာတော့ လောက်ကိုင်မြို့ အနီးတစ်ဝိုက်နေရာနှစ်နေရာလောက်မှာ တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့တာရှိပါတယ်။ လွိုင်ကော်မှာတော့ ဒီနေ့မှာ ပြည်နယ်ရဲရုံးကို ၄/၅ ကြိမ်လောက် ဝင်ရောက်တိုက်ခိုက်တာရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ချေမှုန်းခဲ့တဲ့အတွက် ရန်သူထိခိုက်ကျဆုံးမှုများပြားကြောင်း သိရှိရပါတယ်။ ကရင်ပြည်နယ်ဘက်မှာတော့ ကော့ကရိတ်မြို့ဦးကျောင်းအနီးမှာ ထိတွေ့မှုအနည်းငယ်ရှိခဲ့ပါတယ်။ မနေ့က ညအချိန်မှာတော့ ရန်ကုန်-မန္တလေးလမ်း ကျွဲပွဲအနီးမှာတံတားတစ်စင်းကို KNU, PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ မိုင်းထောင်ဖောက်ခွဲခဲ့တာရှိပါတယ်။ တံတားကမ်းကပ်ခုံ အနည်းငယ်ပျက်စီးခဲ့ပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ ကျွန်တော်ပြောခဲ့သလိုဘဲ အများပြည်သူအသုံးပြုနေတဲ့ လမ်းတွေ၊ တံတားတွေ၊ လျှပ်စစ်တာဝါတိုင်တွေကိုဘဲ အဓိကထားပြီး ဖျက်စီးနေတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးက သိရှိပြီးတော့ ပြည်သူ့အကျိုးကို တိုက်ရိုက်ထိပါးစော်ကားတဲ့ အကြမ်းဖက်သောင်းကျန်းသူမှန်သမျှကို ဆန့်ကျင်ချေမှုန်းဖို့ အစိုးရ၊ ပြည်သူ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံး လက်တွဲညီညီဆောင်ရွက်ပြီး ကျွန်တော်တို့ပြည်တွင်းမှာဖြစ်နေတဲ့ မငြိမ်မသက်မှုတွေ အမြန်ဆုံးချုပ်ငြိမ်းသွားအောင်လုပ်ဖို့၊ ပူးပေါင်းဆောင်ရွက်ကြဖို့ အားလုံးကိုမေတ္တာရပ်ခံပြောကြားလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။