နေပြည်တော် ၁၄ သြဂုတ်
(၉)ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မဲခေါင်ဒေသခွဲနိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များပါဝင်လျက် Virtual Meeting အဖြစ် နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပသည်။
အစည်းအဝေးကို လာအိုနိုင်ငံ၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Dr. Inthavong က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဒုတိယဥက္ကဌအဖြစ် ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် လာအိုနိုင်ငံ၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Dr. Saynakhone Inthavong က အဖွင့်အမှာ စကားပြောကြားပြီး အစည်းအဝေးအစီအစဉ်အရ ASEAN Specialized Meteorological Center (ASMC) မှ မဲခေါင်ဒေသအတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်မှု အခြေအနေများကို တင်ပြဆွေးနွေးခြင်း၊ (၁၅)ကြိမ်မြောက်လုပ်ငန်း အဖွဲ့အစည်းအဝေးတွင် ဆွေးနွေးခဲ့မှုအစီရင်ခံစာ အပေါ်အတည်ပြုခြင်း၊ ၂၀၁၇ ချင်းရိုင်စီမံချက် (Chiang Rai Action Plan 2017) အကောင် အထည်ဖော်နိုင်မှုအပေါ် ပြန်လည်သုံးသပ်ခြင်းတွင် စီမံချက်အရ မဲခေါင်ဒေသခွဲနိုင်ငံများ၏ မီးလောင်ကျွမ်းမှုအရေအတွက် Hotspot Counts ၅၀,၀၀၀ ထက် မကျော်လွန်စေ ရေး လျာထားသတ်မှတ်မှုကို ၂၀၂၅ ခုနှစ်အထိ တိုးမြှင့်ဆောင်ရွက်မည့်ကိစ္စ၊ မဲခေါင်ဒေသခွဲနိုင်ငံများအကြား မီးခိုးမြူငွေ့ထိန်းချုပ်မှု စီမံခန့်ခွဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ တိုးတက်မှုအခြေအနေများကို ဆွေးနွေးအတည်ပြုခြင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံ (၂၀၁၆-၂၀၂၀) အပေါ် ပြန်လည်သုံးသပ်ခြင်း၊ အာဆီယံသစ်ဆွေးမြေဆိုင်ရာ စီမံခန့်ခွဲမှုမဟာဗျူဟာ (ASEAN Peatland Management Strategy- APMS (2014-2020) ကို သုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း သစ်ဆွေမြေများရေရှည်တည်တံ့စေရေး နှင့် မီးခိုးမြူငွေ့လျှော့ချရေးတို့အတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ အဖြစ် နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်သော EU, IUCN, GIZ, GEC, CIFOR, IFAD တို့နှင့် ပူးပေါင်း၍ မဲခေါင်ဒေသတွင်း သစ်ဆွေးမြေများ ရေရှည်တည်တံ့ စေရေးဆိုင်ရာ စီမံကိန်း (Sustainable Management of Peatland Ecosystems in Mekong Countries)၊ သစ်ဆွေးမြေနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ စီမံကိန်း (ASEAN-EU Sustainable Use of Peatland and Haze Mitigation in ASEAN-SUPA)၊ မီးခိုးမြူငွေ့ကင်းစင်ရေးအတွက် ရေရှည်တည်တံ့သော မြေယာစီမံခန့်ခွဲမှု ဆိုင်ရာစီမံကိန်း (Measurable Action for Haze-Free Sustainable Land Management in Southeast Asia-MAHFSA) များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် (၁၆) ကြိမ်မြောက် မဲခေါင် ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေး နှင့် (၁၀) ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးများကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပ သွားမည်ဖြစ်ရာ အစည်းအဝေးကျင်းပမည့် အချိန်နှင့်နေရာတို့ကို အတည်ပြုခဲ့ပြီး မဲခေါင်ဒေသခွဲနိုင်ငံ အသီးသီးနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ နိဂုံးချုပ်အမှာစကားများ ပြောကြားသည်။
(၁၅)ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးကို သြဂုတ် ၁၁ ရက်က နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)