ဝါးခယ်မ ၁၂ မတ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေးမြို့၌ ကျင်းပလျက်ရှိသည့် (၉၁) ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီး ပိတ်ပွဲအခမ်းအနားကိုယနေ့ မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပိတ်ပွဲအခမ်းအနားတွင် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တာဝန်ရှိသူများက သစ်ကနက်စစ်နတ်သစ် ရုပ်ပွားတော် အရှင်သူမြတ်၊ ဇမ္ဗုပတိရုပ်ပွားတော် အရှင်သူမြတ်နှင့် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ်တို့အား ယာယီ အပူဇော်ခံသည့် ရွှေကျောင်းတော်မှ ဂန္ဓကုဋိတိုက်တော်သို့လက်ယာရစ် ခုနှစ်ပတ်ပတ်ကာ ပင့်ဆောင်ပူဇော်ခဲ့ကြသည်။

အဆိုပါ ဝါးခယ်မမြို့နယ် ကျုံမငေးမြို့၏ ကျက်သရေဆောင် အတုလ ဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလဆန်း ၁၂ ရက်မှ တပေါင်းလပြည့်ကျော် ၄ ရက်နေ့အထိ ကျင်းပပြုလုပ်ပြီး အနယ်အနယ် အရပ်ရပ်မှ ဘုရားဖူးများက ကား၊ ဆိုင်ကယ်၊ စက်လှေများဖြင့် လာရောက်ဖူးမျှော် ကြည်ညိုကြကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)