(၉၇)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

မြစ်ကြီးနား ၉ နိုဝင်ဘာ

 

မြစ်ကြီးနားမြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူး၍ (၉၇) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အကြို စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို နိုဝင် ဘာ ၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အောင်နန်းရိပ်သာ ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း နိုင်ငံ့ရတနာ ခန်းမ၌ ကျင်းပသည်။

 

အဆိုပါ ပြိုင်ပွဲများတွင် စာစီစာကုံး ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ ၃၈ ဦးက အမျိုးသားနေ့နှင့် လူငယ်များ၏တာဝန်၊ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၃၇ ဦးက ''အမျိုးသားနေ့ တို့မမေ့''နှင့် အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၅ ဦးက ''အမျိုးသားနေ့'' ခေါင်းစဉ်တို့ဖြင့် အသီးသီး ဝင်ရောက်ယှဉ်ပြိုင် ဖြေဆို ကြပြီး ပန်းချီပြိုင်ပွဲတွင် အထက် တန်းအဆင့် ကျောင်းသား ကျောင်းသူ ၃ဝ၊ အလယ်တန်း အဆင့် ၂၄ ဦးနှင့် မူလအတန်းအဆင့် ၁၈ ဦးတို့က (၉၇) နှစ်မြောက် အမျိုးသားနေ့အထိမ်း အမှတ်နှင့် ထင်ဟပ်စေမည့် ပန်းချီ ကားများအား ရေးဆွဲယှဉ်ပြိုင်ခဲ့သည်။

 

ပြိုင်ပွဲများသို့ မြစ်ကြီးနားမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ခံ ဆရာကြီး ဦးမြင့်ဦး၊ ကျောင်းအုပ်ဆရာကြီး ဦးစိန်လွင်နှင့် တာဝန်ရှိသူတို့က လှည့် လည်ကြည့်ရှုအားပေးပြီး ဆုရကျောင်းသား ကျောင်းသူများအား နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပမည့် (၉၇)နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သူရိန်စိုး (ကချင်မြေ)