နေပြည်တော် ၊ ၃၀ ဇန်နဝါရီ
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ (၉)ခုမြောက်ဘဏ်ခွဲဖြစ်သည့် လယ်ဝေး ဘဏ်ခွဲ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက နေပြည်တော် လယ်ဝေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သုခုမလမ်း၊ ဦးပိုင်/မြေကွက်အမှတ်(လပ-၀၁၉) (လယ်ဝေးမြို့နယ်၊ အားကစားကွင်းရှေ့)ရှိ အဆိုပါဘဏ်ခွဲ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ Social Distancing စနစ်ဖြင့် ကျင်းပသည်။
ဘဏ်ဖွင့်ပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ မြို့တော်ဝန်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့နာယက ဒေါက်တာ မျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဦးရဲမင်းဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဒါရိုက်တာ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘဏ်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဦးရဲမင်းဦး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ နာယက ဒေါက်တာမျိုးအောင်က ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ဘဏ်ခွဲအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယခု ဖွင့်လှစ်သည့် လယ်ဝေးဘဏ်ခွဲသည် (၉)ခုမြောက် နေပြည်တော်ဖွံ့ဖြိုးရေး ဘဏ်လီမိတက်၊ ဘဏ်ခွဲဖြစ်ပြီး ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ရန်၊ ဘဏ်နှင့်ဆက်သွယ်သူ ပြည်သူများဘဏ် ဝန်ဆောင်မှုများကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်သည်။
သတင်းစဉ်


