ပုဏ္ဏားကျွန်း ၂၄ ဧပြီ
ရခိုင်ပြည်နယ် အတွင်းရှိ ခမီတိုင်းရင်းသားတို့၏ (၉)ကြိမ်မြောက် ခမီအမျိုးသားနေ့ကို ဧပြီ ၂၇ ရက် နံနက် ၈ နာရီတွင် စစ်တွေမြို့ ခေမာမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
“ခမီအမျိုးသားနေ့ကို ၁၉၇၂ ခုနှစ် ဧပြီ ၂၇ ရက်နေ့ကစ၍ ခမီအမျိုးသားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ အမျိုးသားနေ့ကို ကျင်းပခြင်းအားဖြင့် မိမိလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်နှင့် ဓလေ့ထုံတမ်း အစဉ်လာတို့ကို မျိုးဆက်သစ် လူငယ်များ လက်ဆင့်ကမ်း ထိန်းသိမ်းဖော်ထုတ်သွားစေရန်နှင့် အနာဂတ် လူငယ်တို့၏ ပညာရေး ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်သည်” ဟု ခမီအမျိုးသား စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးလေအောင်က ပြောသည်။
ခမီလူမျိုးတို့သည် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် ရှေ့နှစ်ပေါင်းများစွာ ကတည်းကပင် ပျံ့နှံ့နေထိုင် လာခဲ့ကြပြီး အတူနေ ရခိုင်လူမျိုးတို့ကလည်း ဒေသအလိုက် ခမွေး၊ ခမွီး၊ ခမီ၊ ခမီး၊ ချင်း၊ မြို၊ တောင်သား စသည့်ဖြင့် ခေါ်ဝေါ်လာခဲ့ကြရာမှ ယခုအခါ ခမီတိုင်းရင်းသား တစ်မျိုးတည်းသာ ခံယူခဲ့ကြပြီး ခမီအမျိုးသားနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြောင်း လေ့လာသိရှိရသည်။
(၈)ကြိမ်မြောက် ခမီအမျိုးသားနေ့ကို ပုဏ္ဏားကျွန်းမြို့နယ်၊ ကျင်တလင်းကျေးရွာတွင် ကျင်းပနိုင်ခဲ့ပြီး ယခုနှစ် ခမီအမျိုးသားနေ့ကို စစ်တွေမြို့၌ ကျင်းပမည်ဖြစ်၍ မြို့နယ်အသီးသီးမှ ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားများ တက်ရောက်ကြပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးအမှုတ်တို့ဖြင့် ကပြဖျော်ဖြေ ပေးသွားမည်ဟု ခမီအမျိုးသား လူမှုကွန်ရက်မှ သိရသည်။
ထိုနည်းတူ ခမီအမျိုးသားနေ့ကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၂၁)ရပ်ကွက် (ဝါးတစ်ရာ စက်မှုဇုန်အနီး) ခမီတိုင်းရင်းသား ခန်းမဆောင်၌ ဧပြီ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း ရန်ကုန်ရောက် ခမီအမျိုးသားများထံမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)