နေပြည်တော် ၃ အောက်တိုဘာ
ထားဝယ်အထူးစီးပွားရေးဇုန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် (၉)ကြိမ်မြောက် မြန်မာ-ထိုင်း ပူးတွဲကော်မတီ(JCC) ဝန်ကြီးအဆင့်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး Mr. Saksayam Childchob တို့က အမှာစကားပြောကြားကြသည်။
(၉)ကြိမ်မြောက် JCC အစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် ကနဦးစီမံကိန်းနှင့်အတူ တပြိုင်နက်တည်း ဆောင်ရွက်သွားမည့် ပင်မစီမံကိန်း အကောင်အထည်ဖော်ရန် ကိစ္စရပ်များ၊ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် (SPV) ၏ အခန်းကဏ္ဍနှင့် ဖွဲ့စည်းပုံ၊ နှစ်လမ်းသွားကားလမ်း ဖောက်လုပ်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် မြန်မာ- ထိုင်း နှစ်နိုင်ငံ ပူးတွဲအဆင့် မြင့်ကော်မတီ (JHC) ကျင်းပရန် ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၆)ဦးနှင့် ထိုင်းနိုင်ငံဘက်မှ ကိုယ်စားလှယ် (၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


