နေပြည်တော် ဩဂုတ် ၄

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၌ AA အကြမ်းဖက်သောင်းကျန်းသူ  အမာခံနှစ်ဦး ဖမ်းဆီး ရမိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ကျောက်ဖြူမြို့နယ် ကြံချိုင်ကျေးရွာနေ ဦးစံသိန်းတင်(ခ) ဘေထုပ် (၅၇ နှစ်) သည် AA အကြမ်းဖက်သောင်းကျန်းသူတို့၏ စေခိုင်းချက်အရ ကြံချိုင်ကျေးရွာမှ ဆက်ကြေးကောက်ခံပေးနေကြောင်း အခြားသတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင်  ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် ၎င်းအား သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊   စစ်ကြောမေးမြန်းချက်အရ ကွင်းဆက်အမာခံဖြစ်သူ စီမော်ကျေးရွာနေ ဦးခင်ညွန့် (၃၈ နှစ်) အား ဩဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ၎င်း၏ နေအိမ်၌ သွားရောက်ဖမ်းဆီးခဲ့ကြောင်း။

စံသိန်းတင်(ခ)ဘေထုပ်မှာ AA အကြမ်းဖက်သောင်းကျန်းသူများအတွက် ၂၀၁၈ ခုနှစ်အတွင်း ဇွန်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလများအတွက်ပါ ကြံချိုင်ကျေးရွာမှ ဆက်ကြေးကောက်ခံပြီး ပေးအပ်ခဲ့ရကြောင်း၊ ခင်ညွှန့်မှာ AA အကြမ်းဖက်သောင်းကျန်းသူများအတွက် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီနှင့် မေလများတွင် ဆက်ကြေးကောက်ခံပေးရသည်ဟု ဝန်ခံထွက်ဆိုခဲ့ကြ ကြောင်း ဖော်ပြထားသည်။

အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံများဖြစ်သော စံသိန်းတင်နှင့် ခင်ညွန့် တို့ အား လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံသွား မည် ဖြစ်ကြောင်း သိရသည်။ 
(သတင်းစဉ်)