နေပြည်တော်   ၂၁   မေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ခမော်ကျေးရွာနှင့် မာလာကျေးရွာ(မြို့)တို့မှ ရာအိမ်မှူး တာဝန်ထမ်းဆောင်သူ ငါးဦးကို AA အကြမ်းဖက်သောင်းကျန်းသူများက မေ ၁၈ ရက် မွန်းလွဲပိုင်းတွင် အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်တော်မြို့နယ် ခဘော်ကျေးရွာမှ ရာအိမ်မှူးတာဝန်ထမ်းဆောင်သူ ဦးပန်းသာ၊ ဦးဝေသာအောင် နှင့် မာလာကျေးရွာ(မြို့)မှ ရာအိမ်မှူး တာဝန်ထမ်းဆောင်သူ ဦးမောင်ဟန်သိန်း၊ ဦးအောင်စော၊ ဦးမောင်သိန်းထွန်း၊ ဦးမောင်သာဝင်း၊ ဦးတင်ဝင်းတို့နှင့်အတူ အမျိုးသမီးလေးဦးတို့သည် ကျောက်တော်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး နိုင်ငံတော်က ထောက်ပံ့ပေးသည့် ထောက်ပံ့ပစ္စည်းများ ယူဆောင်ရန်နှင့် လိုအပ်သောဈေးပစ္စည်းများ ဝယ်ယူရန်အတွက် မာလာကျေးရွာမှ ကျောက်တော်မြို့သို့ မေ ၁၈ ရက် နံနက်ပိုင်းတွင် ထွက်ခွာလာခဲ့ကြောင်း၊ ကျောက်တော်မြို့မဈေး၌ ဈေးဖြန့်ခွဲဝယ်ယူလျက်ရှိစဉ် မွန်းတည့် ၁၂ နာရီခန့်တွင် ဦးပန်းသာနှင့် ဦးမောင်သာဝင်း နှစ်ဦးတို့ကို ကစ္ဆပသီရိလမ်း နေရာ၌ အရပ်ဝတ်များ ဝတ်ဆင်ထားသော AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ၁၀ ဦးခန့်က လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဦးမောင်ဟန်သိန်း၊ ဦးဝေသာအောင်နှင့်ဦးအောင်စော သုံးဦးတို့ကိုဈေး၏မြောက်ဘက် မင်းစောမွန် လမ်းရှိဆေးဆိုင်အနီး၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ၁၀ ဦးခန့်ကလည်းကောင်း အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဦးမောင်သိန်းထွန်း တစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာသူ၊ ကျေးရွာ သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း။ ထို့ပြင် ဒေသခံများအကျိုးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြုလုပ်ပေးလျက်ရှိသည့် ဆေးအဖွဲ့များနှင့် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် တပ်ဖွဲ့ဝင်များကိုလည်း မေ ၁၁ ရက်တွင် ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီး၌ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယခုထပ်မံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး နိုင်ငံတော်က ထောက်ပံ့ပေးသည့် ထောက်ပံ့ပစ္စည်းများ သွားရောက်ယူဆောင်သည့် ကျေးရွာရာအိမ်မှူးများကိုလည်း အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒေသခံ ပြည်သူများ၏ အကျိုးဆောင်ရွက်ချက်များကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်