နေပြည်တော် ၁၈ ဩဂုတ်

 

AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက ယနေ့တွင် သိန်းနီ - ကွမ်းလုံသွား ကားလမ်းပေါ်ရှိ တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး ခြင်း၊ လားရှိုး - သိန်းနီ ကားလမ်းဘေးရှိ ဓာတ်ဆီဆိုင်အား မီးရှို့ဖျက်ဆီးခြင်း၊ လားရှိုးမြို့အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများနှင့် ရဲစခန်းများအား ချောင်းမြောင်းပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

 

AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက ဩဂုတ် ၁၆ ရက် ညပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ နယ်မြေခံတပ်ဌာနချုပ် တစ်ခုအား အာရ်ပီဂျီဖြင့် သုံးချက် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

 

ထို့ပြင် သိန်းနီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်အတွင်း နမ့်စလပ် - ကွမ်းလုံကားလမ်း၏ အနောက်တောင်ဘက်ရှိ ၄၁ မိုင် သံကူကွန်ကရစ် တံတား (ဗြုန်းတောင်) အား နံနက် ၃ နာရီခွဲခန့်တွင် လည်းကောင်း၊ သိန်းနီ - နမ့်စလပ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ သံကူကွန်ကရစ် အမျိုးအစား မန်တုံစွန်တံတားအား နံနက် ၄ နာရီခွဲခန့်တွင် လည်းကောင်း မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် ၄၁ မိုင် သံကူကွန်ကရစ် တံတား(ဗြုန်းတောင်)မှာ ထက်ပိုင်းကျိုးကျပျက်စီးပြီး မန်တုံစွန်တံတားမှာ ကြမ်းခင်းပျက်စီးခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက် သွားခဲ့ကြောင်း။

 

ကွတ်ခိုင် - နမ့်ဖတ်ကာ - မူဆယ်ဒေသတစ်ဝိုက်၌ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများနှင့် လက်နက်ကိုင်အဖွဲ့များ နံနက်ပိုင်းတွင် ထိတွေ့မှု ငါးကြိမ် ဖြစ်ပွားခဲ့ကြောင်း။

 

မွန်းလွဲပိုင်းတွင် လားရှိုးမြို့အား တိုက်ခိုက်ရန် မြို့၏အရှေ့မြောက်ဘက် ကုန်းဆာဘက်မှ ချဉ်းကပ်လာသော လက်နက်ကိုင်အဖွဲ့ အင်အား ၂၀ဝ ခန့်အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်သဖြင့် လက်နက်ကိုင်အဖွဲ့များ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း။

 

လားရှိုး - သိန်းနီ- ကွတ်ခိုင် (၁၀၅)မိုင် ပြည်ထောင်စုကားလမ်းမကြီး တစ်လျှောက်၌ လုံခြုံရေးဆောင်ရွက် နေသော တပ်မတော်စစ်ကြောင်းများနှင့် လက်နက်ကိုင်အဖွဲ့များ ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ခန့် ဆက်လက် ဖြစ်ပွားခဲ့ကြောင်း။

 

မူဆယ်ဘက်မှ နမ့်ဖတ်ကာဘက်သို့ မသင်္ကာဖွယ် လူနှစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နမ့်အွန်ကျေးရွာအနီး ပစ်ခတ်ဖမ်းဆီးခဲ့ရာ နမ့်ဖတ်ကာမြို့အား အလစ်အငိုက် ပစ်ခတ်ရန် လာရောက်သည့် TNLA လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦး၊ အာရ်ပီဂျီ တစ်လက်နှင့် ဒုံးသီး တစ်လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း။

 

လက်နက်ကိုင်အဖွဲ့များအနေဖြင့် နံနက် ၉ နာရီခွဲခန့်က လားရှိုးမြို့၏ မြောက်ဘက် ပန်ဟက်ကျေးရွာ အနီးရှိ တိမ်ဖြူဓာတ်ဆီဆိုင်နှင့် လားရှိုးမြို့ ၁၂ ရပ်ကွက်အတွင်းရှိ နေအိမ်များဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဓာတ်ဆီဆိုင်မှာ မီးလောင်ပျက်စီးသွားခဲ့ပြီး ၁၂ ရပ်ကွက်အတွင်းရှိ နေအိမ်အချို့ လက်နက်ကြီးကျည်ထိမှန် မှုများရှိခဲ့ကြောင်း။

 

ထို့ပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လားရှိုးမြို့မှ ပရဟိတလူမှုရေးအသင်း ကြက်ခြေနီယာဉ်အား လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့်ယာဉ် ပျက်စီးပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

 

AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့၏ ဩဂုတ် ၁၅ ရက်က မိုင်းခွဲဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော ဂုတ်တွင်းတံတားအား ပြန်လည်ပြုပြင်နိုင်ရေးအတွက် တပ်မတော်မှ မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ဩဂုတ် ၁၆ ရက် ညနေပိုင်းက ဂုတ်တွင်း ရဲစခန်း၊ ဂုတ်တွင်းတံတား အောက်ခြေနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်တို့၌ ဖောက်ခွဲဖျက်ဆီးရန် အသင့်ပြုလုပ်ထားသော ပေါက်ကွဲမှု မရှိသေးသည့် ၅ ဂါလန်ဝင် ပလတ်စတစ် ပုံးများအတွင်း C - 4 ယမ်းများထည့် ထားသည့် ဘက်ထရီဖြင့် ရှော့တိုက်ခွဲရသော ဒေသန္တရမိုင်း ၃၃ ပုံး ( ဝ ဒသမ ၅၃ တန်ခန့်) ၊ TNT ယမ်းတောင့် ၁၆၀ (၈၀ ပေါင်) ၊ စနက်တံ ၂၂၂ ချောင်း၊ အာရ်ပီဂျီ ဗုံးသီး ၁ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ ၄၀ မမ ဗုံးသီး ၁ လုံးနှင့် အီနာဂါ ဗုံးသီး ၂ လုံး စသည့် ခဲယမ်းဗုံးသီးများအား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့က ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်ရှိ မူးယစ်ဆေးဝါး စစ်ဆေးရှာဖွေရေးစခန်း၊ စစ်ဆေးရေး ယာဉ်၊ လမ်းတံတားနှင့် ကျောင်း၊ တပ်ဌာနချုပ်များအား တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကို ဩဂုတ်လ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 

AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များအနေဖြင့် ယခု ကဲ့သို့အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့ခြင်း၏ နောက်ခံအကြောင်းရင်းမှာ တပ်မတော်က ဇူလိုင် ၂၅ ရက်မှ ၂၈ ရက်အထိ ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော် ကျေးရွာအရှေ့တောင်ဘက် မီတာ ၃၀ဝ၀ ခန့်အကွာ ချောင်းဆုံနေရာဝန်းကျင် တစ်ဝိုက်၌ ၎င်းတို့၏ မူးယစ်ဆေးဝါး ချက်လုပ်နေသည့် စခန်းများအား ရှာဖွေ ရှင်းလင်းခဲ့ခြင်းကြောင့်ဖြစ်ပြီး ၎င်း စခန်းများမှ (WY + 88) ပန်းရောင်ဆေးပြား ၉၀ဝ၀ ၊ အိုက်စ်ကီလို ၇၅၀ (စုစုပေါင်းတန်ဖိုး ငွေကျပ်ကျပ် ၁၆ ဘီလီယကျော်) ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ၅ ဂါလန်ဆံ့ အက်ဆစ်ပုံး ၂၂၆၂ ပုံး၊ ၁၀ ဂါလန်ဆံ့ အက်ဆစ်ပုံး ၃၅၆ ပုံး၊ ၅၀ ဂါလန်ဆံ့ အက်ဆစ်ပုံး ၁၉၅ ပုံး၊ အက်ဆစ် သံပီပါ ၄၇၈ လုံး၊ အက်ဆစ်ပုလင်း ၅၂၈၀ ၊ အိတ်(အညို) (Washing Soda) အိတ် ၉၀ ၊ အရိုးမီးသွေးအိတ် ၂၀ ၊ အဖြူရောင်အမှုန့် (ဆိုဒီယန် အိတ်ဇောဒိုက်) အိတ် ၁၂၂၀၊ အဖြူရောင်အမှုန့် (ဆိုဒီယန်ဆာလ်ဖိတ်) အိတ် ၅၀ ၊ လူနေတဲများနှင့် မူးယစ်ဆေးဝါးချက်ဆောင်တဲများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည်ဂက်စ်အိုး အရှည် ၁၁၄၄ လုံး၊ မီးဖိုဘွိုင်လာ ၆၉ လုံး၊ ဖန်ပေါင်းချောင်/ပေါင်းအိုး ၉၅ လုံး၊ မီးစက်(အကြီး) ၆ လုံး၊ ရေခဲသေတ္တာ အလုံး ၃၀၊ ဒီဖရီဇာ ၇ လုံး၊ အဝတ် လျှော်စက် ၁၁ လုံး၊ အခြောက်ခံစတီးဗန်း အချပ် ၄၀၊ စတီးမွှေစက် ၈ လုံး၊ ဆေးပြားရိုက်စက် ၅ လုံး၊ ကတ္တား ၆ ခု၊ စတီးဇလုံ၊ စတီးဗန်းမျိုးစုံနှင့် ယာဉ် ၂ စီးအား သိမ်းဆည်းရမိခဲ့ကြောင်း။

 

ထို့ပြင် AA အမာခံဖြစ်သည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ တံခွန်တိုင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသာကျော်၏ နေအိမ်၌လည်း ဩဂုတ် ၈ ရက်တွင် WY စာတန်းပါ စိတ်ကြွဆေးပြား ၂ သန်း ၅ သိန်းခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ကျပ် ၅ ဘီလီယံ)၊ ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ အိုင်ကွန် ၅၂ လုံး၊ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း။

 

ယခုကဲ့သို့ ၎င်းတို့၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနေသည့် စခန်းများနှင့် ဆက်စပ်ပစ္စည်းများကို တပ်မတော်က သိမ်းဆည်းရရှိခဲ့ခြင်းကြောင့် ၎င်းတို့၏ အဓိကစီးပွားရေး လုပ်ငန်း ကြီးမားစွာထိခိုက် ခဲ့ရခြင်းအပေါ် AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့က မကျေနပ်သဖြင့် ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း TNLA အဖွဲ့နှင့် ၉ ကြိမ်၊ MNDAA အဖွဲ့နှင့် ၂ ကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း။

 

ဖြစ်စဉ်များအနေဖြင့် TNLA အဖွဲ့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်၊ တာမိုးညဲ၊ မော်ဟန်ဒေသ တွင်လည်းကောင်း၊ MNDAA အဖွဲ့နှင့် တာမိုးညဲ၊ ချင်းရွှေဟော်ဒေသတွင် လည်းကောင်း အသီးသီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း။

 

ဖြစ်ပွားခဲ့သည့် ထိတွေ့မှုဖြစ်စဉ်များ၌ ၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါးချက်လုပ်သည့်စခန်းများကို ကာကွယ်ခြင်း၊ နယ်မြေကျော် လွန်ဝင်ရောက်ခြင်း၊ တပ်မတော်၏ အုပ်ချုပ်မှုယာဉ်တန်းများကို တိုက်ခိုက်ခြင်း တို့ကြောင့်သာ တိုက်ပွဲများဖြစ်ပွား ရခြင်းဖြစ်ကြောင်း။

 

ယခုကဲ့သို့ ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်ရှိ မူးယစ်ဆေးဝါး စစ်ဆေးရှာဖွေရေးစခန်း၊ စစ်ဆေးရေး ယာဉ်၊ လမ်းတံတားနှင့် ကျောင်း၊ တပ်ဌာနချုပ်များကို တိုက်ခိုက်ခဲ့ခြင်းသည် တပ်မတော်က စစ်ရေး ဖိအားပေးမှုကြောင့် တုံ့ပြန်တိုက်ခိုက်ရခြင်းမဟုတ်ဘဲ တပ်မတော်၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကြောင့် ၎င်းတို့၏နစ်နာ ဆုံးရှုံးရခြင်းအတွက် တုံ့ပြန်ခြင်း၊ နယ်စပ်ကုန်သွယ်ရေး၌ အဓိကကျသည့် လမ်းကြောင်းအားဖျက်ဆီး၍ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ရေးကို နှောင့်ယှက် ဖျက်ဆီးခြင်းနှင့်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် အမှန်တကယ် ဆန္ဒမရှိသော လုပ်ရပ်ကို ပြသခြင်းပင် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်