နေပြည်တော် ဇွန် ၂၂
အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အကြိုညှိနှိုင်းအစည်းအဝေး၊ အရေးပေါ် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးနှင့် အာဆီယံ ပူးတွဲညှိနှိုင်းမှု အစည်းအဝေးများကို ယနေ့နံနက် ၇ နာရီခွဲတွင် Video Conferencing ဖြင့် ကျင်းပရာ မြန်မာကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင် တက်ရောက်ခဲ့သည်။
အမြင်ချင်းဖလှယ်
အာဆီယံအဆင့်မြင့်အရာရှိကြီးများ အကြိုညှိနှိုင်း အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် အာဆီယံ အသိုက်အဝန်း ထူထောင်ရေးကြိုးပမ်း အားထုတ်မှုများ၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွင် ပြင်ပနိုင်ငံများက ပါဝင်လက်မှတ်ရေးထိုးမည့် ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အာဆီယံ အထူးထိပ်သီးအစည်းအဝေး နှင့် အာဆီယံ+၃ အထူးထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းကောင်စီအစည်းအဝေး၊ (၂၆) ကြိမ်မြောက် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးနှင့် (၃၆) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတို့အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် အာဆီယံ၏ ပြင်ပဆက်ဆံရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေး
မွန်းလွဲပိုင်းတွင် ပြုလုပ်သည့် အရေးပေါ်ပြည်သူ့ ကျန်းမာရေးဆိုင်ရာ အာဆီယံပေါင်းစပ်ညှိနှိုင်းရေး ကောင်စီလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးနှင့် အာဆီယံ ပူးတွဲညှိနှိုင်းမှု အစည်းအဝေးများသို့ အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟောက်ခန့်ဆုမ်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ အရေးပေါ် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးတွင် အာဆီယံအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုအခြေအနေ၊ ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် အာဆီယံ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေနွေးခဲ့ကြသည်။ အာဆီယံပူးတွဲညှိနှိုင်းမှု အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ထူထောင်ရေး ကြိုးပမ်းအားထုတ်မှုများ၊ ၂၀၂၀ ပြည့်နှစ်တွင် အကောင်အထည်ဖော်မည့် အာဆီယံ၏ ဦးစားပေးလုပ်ငန်းစဉ်များ၊ (၂၆) ကြိမ်မြောက် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီအစည်းအဝေးနှင့် (၃၆) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတို့အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် အာဆီယံ မဏ္ဍိုင်အလိုက်နှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးကြသည်။ ။
အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ။
သတင်းစဉ်


