အာဆီယံ အစိမ်းရောင်ဆုရ ဟိုတယ်များအား ပြည်တွင်း ခရီးသွားများ ပိုမိုတည်းခိုရန် စိတ်ဝင်စားလာ

နေပြည်တော် ၉  ဖေဖော်ဝါရီ

 

ခရီးသွားရာသီကာလ စတင်ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်တွင်း ခရီးသွားများအဖို့ တည်းခိုရန် နေရာရွေးချယ်မှုကို ပိုမိုလုပ်ဆောင်လာပြီး ယခုနှစ်အတွက် အာဆီယံမှ ဆုရရှိထားသည့် ဟိုတယ်များတွင် တည်းခိုရန် ပိုမို စိတ်အားထက်သန်လာကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများထံက သိရသည်။

 

ခရီးသွားရာတွင် သက်တောင့်သက်သာ အနားယူနိုင်ရန် လိုအပ်ပြီး အများစုမှာ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်ဖက်ညီပြီး၊ သာယာလှပသည့် ရှုခင်းများ ထားရှိခြင်းကြောင့်လည်း ခရီးသွားများကို ပိုမို ဆွဲဆောင်ထားနိုင်ကြောင်း ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက သူ့အမြင်ကို ပြောပြသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်က ကျင်းပခဲ့သည့် အာဆီယံ ခရီးသွားဖိုရမ် ၂၀၁၈ ကာလအတွင်း အာဆီယံ အစိမ်းရောင် ဟိုတယ်ဆုများကို ချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံ အတွင်းရှိ ဟိုတယ်များကလည်း ဆုများရရှိခဲ့ခြင်း ဖြစ်သည်။

 

“အစိမ်းရောင် ဟိုတယ်ဆိုတာကတော့ သဘာဝ အရင်းအမြစ်နဲ့ စွမ်းအင်ချွေတာရေး နည်းလမ်းတွေကို စနစ်တကျနဲ့ လိုက်နာကျင့်သုံးပြီး သဘာဝတရားနဲ့ သဟဇာတ ဖြစ်ဖို့ အဓိကထားတဲ့ ဟိုတယ်တွေကို ဆိုလိုပါတယ်။ မြန်မာနိုင်ငံက ဟိုတယ်အချို့ဟာ သဘာဝတရားနဲ့ နီးစပ်ပြီး တစ်သားတည်းရှိအောင် ကြိုးစားထားကြလို့ အခုလိုဆုချီးမြှင့် ခြင်းခံရတာဖြစ်တယ်” ဟု ၂၀၁၈ခုနှစ် အာဆီယံ ဟိုတယ်များ၏ Mice လုပ်ဆောင်နိုင်စွမ်း ဆုရ လုပ်ငန်းရှင်တစ်ဦး ဖြစ်သည့် ဟိုတယ်မက်စ်မှ ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားသည်။

 

အာဆီယံ အစိမ်းရောင် ဟိုတယ်ဆု ၂၀၁၈ ကို မြန်မာနိုင်ငံမှ ဟိုတယ်ငါးလုံး ရရှိထားခဲ့ပြီး ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်မှ Viewpoint Ecolodge ၊ တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့မှ Victoria Cliff  ၊ ရှမ်းပြည်နယ် ကလောမြို့နယ်မှ The Hotel Kalaw Hill Lodge ၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှ Hotel Akimomi နှင့် ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့နယ်မှ Ngwe Saung Yacht Club and Resort တို့ဖြစ်ကြောင်း သိရှိရသည်။

 

“ခရီးသွားတဲ့အခါ တည်းခိုတဲ့ နေရာကလည်း တော်တော်အရေးကြီးတယ်။ ဈေးလည်း မှန်ဖို့လိုသလို၊ တည်းခိုတဲ့အခါမှာလည်း အေးချမ်းဆိတ်ငြိမ်ဖို့ လိုအပ်တယ်။ သဘာဝတရားနဲ့ နီးစပ်တဲ့ ဟိုတယ်တွေ ပေါ်လာတာလည်း ကောင်းပါတယ်။ ရွေးချယ်မယ်ဆိုရင်တော့ ဆုရထားတဲ့ ဟိုတယ်တွေကို ရွေးမယ်ဆိုရင် တည်းခိုရတာ ပိုပြီး စိတ်ချလက်ချရှိတယ်”ဟု ကော့သောင်းမြို့ရှိ ဆုရရှိထားသည့် ဟိုတယ်တွင် ခရီးသွားစဉ် တည်းခိုရန် ကြိုတင်စီစဉ်ထားသူ မရေခြယ်က ပြောပြသည်။

 

ခင်ရတနာ၊ ဓာတ်ပုံ- အောင်အောင်