နေပြည်တော်၊ ၉ ဒီဇင်ဘာ
အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ (၁၆)ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးကို ဒီဇင်ဘာ ၉ ရက် နံနက် ၈ နာရီခွဲတွင် Virtual Format ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ASEAN-PAC အဖွဲ့ဝင်နိုင်ငံ (၁၀)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး ဉီးဆောင်သည့် အဖွဲ့ဝင်များ ပါဝင်တက်ရောက်ကြသည်။
ASEAN-PAC အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများမှ အင်္ဂလိပ်အက္ခရာအစဉ်လိုက် အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်ကြရာ ယခု (၁၆)ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးကို အလှည့်ကျ သဘာပတိဖြစ်သည့် ဗီယက်နမ်နိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေးဌာန (Government Inspectorate of Viet Nam_GIV) က ဆောင်ရွက်ခြင်းဖြစ်သည်။
အရှေ့တောင်အာရှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (South East Asia Parties Against Corruption_SEA-PAC) ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ SEA-PAC အဖွဲ့ကို ASEAN အသင်းကြီး အောက်ရှိ Entity တစ်ခုအဖြစ် ပါဝင်နိုင်ရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ၂၀၁၇ ခုနှစ်တွင် အတည်ပြုလက်ခံခဲ့ပြီး SEA-PAC အမည်မှ ASEAN-PAC သို့ တရားဝင်ပြောင်းလဲခဲ့သည်။
ယခုနှစ်အစည်းအဝေးကို “Better Governance, Less Corruption” ခေါင်းစဉ်အောက်တွင် ကျင်းပခြင်းဖြစ်ပြီး ယခင်နှစ်က ကျင်းပခဲ့သော (၁၅)ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးမှတ်တမ်းကို အတည်ပြုခြင်း၊ လုပ်ငန်းညွှန်းတမ်း ပြင်ဆင်အတည်ပြုခြင်း၊ ၂၀၂၀-၂၀၂၂ လုပ်ငန်းစီမံချက် ပြင်ဆင်အတည်ပြုခြင်း၊ အဖွဲ့၏အမှတ်တံဆိပ် ပြင်ဆင်အတည်ပြုခြင်း၊ အဖွဲ့ဝင်နိုင်ငံအသီးသီး၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို နိုင်ငံအလိုက် ရှင်းလင်းဆွေးနွေးခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ယခင်နှစ်က အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ထိုင်းနိုင်ငံ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ၂၀၂၁ ခုနှစ်တွင် အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်မည့် ဘရူနိုင်းနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရိုသို့ တာဝန်လွှဲပြောင်းပေးအပ်ခြင်းတို့ကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေး ဆောင်ရွက်ကြသည်။
သတင်းစဉ်


