အာဆီယံ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း အဖွင့်ပွဲ၌ ဂိုးပြတ်အနိုင်ရ

၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲ အုပ်စု (ခ) ပထမနေ့ကို ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံ၌ ကျင်းပရာ မြန်မာအမျိုးသမီးအသင်း အဖွင့်ပွဲ၌ ဂိုးပြတ်အနိုင်ရခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ပွဲဦးထွက်တွေ့ဆုံခဲ့ပြီး ခုနစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အင်ဒိုနီးရှားအသင်းကို ခြေအသာဖြင့် ကစားကာ ဂိုးပြတ်သွင်းယူခဲ့ခြင်းဖြစ်ပြီး တာထွက်ကောင်းသွားခဲ့သည်။ အဖွင့်ပွဲဖြစ်သောကြောင့် မြန်မာအမျိုးသမီးအသင်း အနေဖြင့် အကောင်းဆုံးပုံစံမရသေးသော်လည်း အနိုင်သုံးမှတ်အပြင် ဂိုးပြတ်ပါသွင်းယူနိုင်ခဲ့သောကြောင့် ကျေနပ်စရာဖြစ်ခဲ့သည်။ ယခုပွဲတွင် တိုက်စစ်မှူး ရီရီဦးက ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြကစားနိုင်ခဲ့သည်။

မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် ပွဲထွက်လူစာရင်းတွင် အမာခံကစားသမားများ အစုံအလင် အသုံးပြုခဲ့ပြီး ခင်မာလာထွန်း၊ ခင်မိုးဝေ၊ ဝေဝအောင်၊ ရီရီဦး၊ ဝင်းသိဂီထွန်းတို့ဖြင့် လူစုံခဲ့သည်။ မြန်မာအသင်းသည် ပွဲအစ ၃ မိနစ်မှာပင် အဖွင့်ဂိုးရခဲ့ပြီး ရီရီဦးက သွင်းယူခဲ့ခြင်းဖြစ်သည်။


ယင်းနောက်ပိုင်းတွင်လည်း မြန်မာအသင်းကသာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး တိုက်စစ်ကစားပုံ လိုအပ်ချက်များရှိနေသောကြောင့် သုံးဂိုးသာထပ်မံသွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းအပြီးတွင် လေးဂိုးပြတ်အနိုင်ရနေသည်။

မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ၁၆ မိနစ်တွင် ခိုင်သဇင်၊ ၂၇ မိနစ်တွင် ရီရီဦးနှင့် ၄၅+၃ မိနစ်တွင် ခင်မိုးဝေတို့က သွင်းယူခဲ့သည်။ ဒုတိယပိုင်းအစတွင် မြန်မာအသင်း ကစားပုံပျက်သွားသောကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရပြီး မိနစ် ၆၀ ကျော်မှ အနိုင်ဂိုးများ ထပ်မံသွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် နောက်ထပ်အနိုင်ဂိုးများကို ၆၅ မိနစ်တွင် ဝင်းသိဂီထွန်း၊ ၇၅ မိနစ်တွင် ခင်မာလာထွန်းနှင့် ၈၉ မိနစ်တွင် ရီရီဦးတို့က သွင်းယူခဲ့သည်။

မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် သြဂုတ် ၁၈ ရက်တွင် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားတို့နှင့် အုပ်စု (ခ) တွင် ကျရောက်နေသည်။ 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF