နေပြည်တော် ၂၇ နိုဝင်ဘာ
စင်ကာပူနိုင်ငံ၌ နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည့် (၃၃)ကြိမ်မြောက် အာဆီယံ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းများတွင် ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre မှလိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ် ဆောင်ရွက်ပေးရန်နှင့် ပြန်လည်လက်ခံ ပေါင်းစည်းရေးလုပ်ငန်းများတွင် ပူးပေါင်းကူညီရန် အတည်ပြုဆုံးဖြတ်ခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်အရ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်ဒေါက်တာ စည်သူဖေသိန်းနှင့် Ms. AnnisaNurulWahidah၊ AHA Centre မှ ကိုယ်စားလှယ် Mr.ArnelCapili နှင့် Mr. Janggam Adhityawarma တို့သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၃ ရက်တွင် ရောက်ရှိခဲ့ကြပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်။
ဆက်လက်၍ နိုဝင်ဘာ(၂၃၊ ၂၄၊ ၂၆)ရက်များတွင် ဘာသာရပ်ဆိုင်ရာအရာထမ်းများနှင့် အကြိုလုပ်ငန်း ညှိနှိုင်းဆွေးနွေးမှုများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၌ ဆောင်ရွက်ခဲ့ရာ ပြန်လည် လက်ခံရေး လုပ်ငန်းများ စတင်ချိန်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ AHA Centre မှ ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် လာရောက်ကြည့်ရှု လေ့လာပြီး လိုအပ်သော ပူးပေါင်းကူညီမှုများ ဆောင်ရွက်ရန်နှင့် လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်မှုများ ပြုလုပ်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်(၂)ဦးသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ပြန်လည်လက်ခံရေး စခန်းများသို့ နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ကနဦးသွားရောက် လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)