၁၇ မတ် 

 

အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်ကို ယနေ့နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီအစည်းအဝေးသို့  ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်အတူ အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ခဲ့သည်။

 

ကွန်ဂရက်မတိုင်မီ အာဆီယံဘောလုံးအဖွဲ့ချုပ်၏ ၂၀၁၉-၂၀၂၃ ခုနှစ်အတွက် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အမှုဆောင်သစ်များ ရွေးချယ်တင်မြောက်ခဲ့ပြီး ဥက္ကဋ္ဌအသစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ Major General Khiev Sameth က ရွေးချယ်တင်မြှောက်ခံခဲ့ရကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မလေးရှားနိုင်ငံမှ ဘင်ဟာဂျီမိုဒ်အမင်၊ တီမောနိုင်ငံမှ ဖရန်စ္စကို ခါလ်ဘူအာဒီလေတို့နှင့်အတူ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ယင်းအစည်းအဝေးသို့ သြစတြေးလျအပါအဝင် အာဆီယံဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင် ၁၂ နိုင်ငံစလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

 

သတင်း-ဖိုးသော်ဇင်

 

ဓာတ်ပုံ-MFF