နေပြည်တော် ဩဂုတ် ၂၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်း သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ Hotel Mulia Senayan ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် အာဆီယံဘဏ္ဍာရေးနှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံဘဏ္ဍာရေးဝန်ကြီးနှင့် ကျန်းမာရေး ဝန်ကြီးတို့က အဖွင့်အမှာစကားပြောကြားကြပြီး ကပ်ရောဂါတုံ့ပြန်ရေးလုပ်ငန်းများ၏ ဘဏ္ဍာငွေ လိုအပ်ချက်များနှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများဆိုင်ရာ ဆန်းစစ်သုံးသပ်ချက်ကို အာရှဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူကလည်းကောင်း၊ အာဆီယံ ကိုဗစ်-၁၉နှင့်ပြည်သူ့ကျန်းမာရေး အရေးပေါ် တုံ့ပြန်ရေးဘဏ္ဍာငွေကိစ္စရပ်များကို အာဆီယံအတွင်းရေးမှူးအဖွဲ့ရုံးမှ တာဝန်ရှိသူက လည်းကောင်း တင်ပြ၍ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ကျန်းမာရေးဝန်ကြီးများမှ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ဆွေးနွေးရာတွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ တင်ပြဆွေးနွေးခဲ့သည့် ပြည်သူ့ကျန်းမာရေး အရေးပေါ် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုတွင် ဘဏ္ဍာငွေလိုအပ်ချက်များနှင့် ကွာဟချက်များနှင့် စပ်လျဉ်းသည့် လေ့လာဆန်းစစ်မှုသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မူဝါဒများချမှတ်ရာတွင် အသုံးချနိုင်ရေး ကောင်းမွန်သော လေ့လာဆန်းစစ်မှုတစ်ခုဖြစ်ကြောင်း၊ ကပ်ရောဂါကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်သည် ကပ်‌ရောဂါ၏ ကြီးမားသောစိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရကြောင်း၊ သို့ရာတွင် “လူ့အသက်ထက် အရေးကြီးတာမရှိ” ဟူသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မူဝါဒနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ စေတနာရှင်များ၊ ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ကပ်ရောဂါကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း၊ ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကပ်ရောဂါအတွက် လိုအပ်သော ဘဏ္ဍာငွေများ အချိန်နှင့်တစ်ပြေးညီရရှိနိုင်ရေး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အထူး ရန်ပုံငွေတစ်ရပ်ကို တည်ထောင်နိုင်ခဲ့သကဲ့သို့ လိုအပ်သော ကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေကို ထူထောင်ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် နောင်ဖြစ်ပေါ် လာနိုင်မည့် ကပ်ရောဂါများအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း၍ ကျန်းမာရေးစနစ် ခိုင်မာစေရေး လုပ်ငန်းများအား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အာဆီယံဘဏ္ဍာရေးနှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေး ကြေငြာစာတမ်း ကို အတည်ပြုထုတ်ပြန်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ နံနက်ပိုင်းအစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။  
မွန်းလွဲပိုင်းတွင် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေး ပထမနေ့ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ Hotel St. Regis ၌ ကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးက အဖွင့်အမှာ စကားပြောကြား၍ ASEAN Political Security Community ဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ်နှင့်အဖွဲ့က အာဆီယံ ပြည်သူ့ကျန်းမာရေးအရေးပေါ်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရေး  အာဆီယံလုပ်ငန်းညှိနှိုင်းရေးကောင်စီ၏ ဆုံးဖြတ်ချက်များ၊ အာဆီယံ ကိုဗစ်-၁၉ တုံ့ပြန်ရေးရန်ပုံငွေ သက်တမ်းတိုးရေးကိစ္စရပ်များ၊ အာဆီယံဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံရန်ပုံငွေဆိုင်ရာကိစ္စရပ်များကို တင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြပြီး ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုးနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက တည်ခင်းဧည့်ခံသည့် ညစာ စားပွဲကို တက်ရောက်ကြသည်။

အဆိုပါ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများ၊ ကျန်းမာရေး ဝန်ကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ရုံးများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်