အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး ဒုတိယ ဝန်ကြီး တက်ရောက်

နေပြည်တော် ၃ ဒီဇင်ဘာ 


မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍသည် ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေထုတ်ပြန် အတည်ပြု၍ ပြုပြင်ပြောင်းလဲ ဖြေလျှော့မှုများ ဆောင်ရွက်ပြီး နောက်ပိုင်း လျင်မြန်စွာဖွံ့ ဖြိုးတိုးတက် လျက်ရှိကြောင်း၊ နိုင်ငံတော် အစိုးရ အနေဖြင့်လည်း စီးပွားရေးဆိုင်ရာ မူဝါဒ ၁၂ ရပ်နှင့် အညီ Digital Government Strategy နှင့်e-Government စနစ်ဆိုင်ရာ လုပ်ငန်းစဉ်များကို ဦးစားပေး ဆောင်ရွက် လျက်ရှိကြောင်း၊ တိုးတက်လာမှုများနှင့်အတူ အခက်အခဲများ၊ စိန်ခေါ်မှုများလည်း ကြုံတွေ့ရပါကြောင်း၊ တိုးတက်မှု စံနှုန်း မတူညီသည့် အာဆီယံနိုင်ငံများအကြား ဟန်ချက်ညီစွာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်နိုင်စေရေးအတွက် အဖွဲ့ဝင်နိုင်ငံ များအကြား Policy နှင့် Regulation ဆိုင်ရာ အချက်အလက်များ မျှဝေနိုင်ရေး မူဘောင်တစ်ရပ် ချမှတ်ဆောင်ရွက် သင့်ကြောင်း၊ အိုင်စီတီ ကဏ္ဍ တိုးတက်လာသည်နှင့်အမျှ Cyber လုံခြုံရေး ကိစ္စရပ်များသည်လည်း မဖြစ်မနေ အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး အနေဖြင့်လည်း တွန်းအားပေး ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


အဆိုပါ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများမှ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အာဆီယံ ဆက်သွယ်ရေးကဏ္ဍ ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယား နိုင်ငံတို့မှ ဒုတိယဝန်ကြီးများ၊ အပြည်ပြည်ဆိုင်ရာ ကြေးနန်း အဖွဲ့ချုပ် (ITU) မှ အထွေထွေ အတွင်းရေးမှူးချုပ်၊ အာဆီယံ စီးပွားရေး အသိုက်အဝန်းမှ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင် အာဆီယံနိုင်ငံများအတွင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ပြောင်းလဲ တိုးတက်လာသည့် နည်းပညာဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်များ ဆွေးနွေးဖလှယ်ခြင်း၊ ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများအပေါ် ဆွေးနွေး အတည်ပြုခြင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးအတည်ပြု ထုတ်ပြန်ခြင်း၊ ဆွေးနွေးဖက် နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် ဆွေးနွေး အတည်ပြုခြင်း၊ အပြည်ပြည်ဆိုင်ရာ ကြေးနန်း ဆက်သွယ်ရေးအဖွဲ့ချုပ် (ITU)နှင့် အာဆီယံနိုင်ငံများအကြား ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး အတည်ပြုခြင်း၊ ASEAN ICT Award 2017 အတွက် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် Siem Reap ကြေညာ စာတမ်း ထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း (၁၇) ကြိမ်မြောက် အာဆီယံ သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးနှင့်အတူ ကျင်းပသည့် Asia-Africa-Europe-1(AAE-1) ရေအောက် ကေဘယ်ဆက်ကြောင်း ဖွင့်ပွဲ အခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ အာဆီယံနိုင်ငံများမှ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်ဆိုင်ရာ ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။ ၎င်းအပြင် ဒုတိယဝန်ကြီးသည် ဂျပန်နိုင်ငံ Ministry of Internal Affairs and Communications ဝန်ကြီးဌာနမှ ဒုဝန်ကြီး H.E. Masahiko Tominaga နှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသော ဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စာပို့တိုက် ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်