နေပြည်တော်၊ စက်တင်ဘာ ၁၃

(၂၀) ကြိမ်မြောက် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၈) ကြိမ်မြောက် အာဆီယံ-ကိုရီးယား စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၃) ကြိမ်မြောက် မဲခေါင်-ဂျပန် စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-ဆွစ်ဇာလန် Troika စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၂၄) ကြိမ်မြောက် အာဆီယံ-အပေါင်းသုံး စီးပွားရေးဝန်ကြီးများ အစည်းအဝေး တို့ကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးမှ ပါဝင်တက်ရောက်သည်။

 

နံနက် ၇ နာရီတွင် (၂၀) ကြိမ်မြောက် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို စတင် ကျင်းပခဲ့ရာ ဘရူနိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး H.E. Dato Dr. Amin Liew Abdullah နှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး H.E. Mr. Wang Wentao တို့က ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးသက်ရောက်မှုများကို ကုစားနိုင်ရန်အတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်၊ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှု၊ အာဆီယံ-တရုတ် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု များနှင့် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုများကို ညှိနှိုင်းဆွေးနွေးကြကာ နှစ် (၃၀) ပြည့် အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေးအထိမ်းအမှတ်အဖြစ် အာဆီယံနှင့် တရုတ်စီးပွားရေးဝန်ကြီးများ ပူးတွဲကြေညာချက်နှင့် (၂၀) ကြိမ်မြောက် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာ ချက်တို့ကို အတည်ပြုခဲ့ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ဆေးကိရိယာများ လှူဒါန်းမှုကို ကျေးဇူးတင်ရှိကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ ထောက်ပံ့ပို့ဆောင်မှုကွင်းဆက်များ ပိုမိုခိုင်မာစေရေးအတွက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုအား ပုံမှန်ပြန်လည်ဖွင့်လှစ်ပေးရေး အထူးသဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် အဓိကကျသည့် ရွှေလီနှင့် မူဆယ်ဂိတ်များဖွင့်လှစ်ခြင်းကို စဉ်းစားပေးရန် တရုတ်နိုင်ငံအား မေတ္တာရပ်ခံလိုကြောင်း၊  အာဆီယံနှင့် တရုတ်နိုင်ငံအကြား ကာလကြာရှည်စွာ ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သည့်အတွက် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘော တူစာချုပ် ထပ်မံအဆင့်မြှင့်တင်ရေးအတွက် အလားအလာရှိသည့် နယ်ပယ်များ သတ်မှတ်နိုင်ရန် ပူးတွဲဖြစ်နိုင်ချ ေလေ့လာဆန်းစစ်မှု ဆောင်ရွက်မည့်ကိစ္စအပေါ် ထောက်ခံပါကြောင်း ပြောကြားသည်။

 

ထို့နောက် (၁၈) ကြိမ်မြောက် အာဆီယံ-ကိုရီးယား စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ ဘရူနိုင်း နိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး H.E. Dato Dr. Amin Liew Abdullah နှင့် ကိုရီးယားသမ္မတနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး H.E. Yeo Han-koo တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုများ ကို ပြန်လည်တုံ့ပြန်မှုများနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် နယ်ပယ်များ၊ အာဆီယံ-ကိုရီးယား လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် အကောင် အထည်ဖော်မှု၊ အာဆီယံ-ကိုရီးယား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းများ တိုးတက်မှုအခြေအနေတို့ကို ဆွေးနွေးကြ၍ (၁၈) ကြိမ်မြောက် အာဆီယံ-ကိုရီးယား စီးပွားရေး ဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့သည်။

 

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေများ၊ ထိန်းချုပ်မှုလုပ်ငန်းစဉ်များ၊ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု အခြေအနေကို မျှဝေခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ၊ အာဆီယံ ဘက်စုံပြန်လည်ထူထောင်ရေးမူဘောင်နှင့် ဂျီအမ်အက်စ် လုပ်ငန်း အစီအစဉ်များနှင့်အညီ မြန်မာနိုင်ငံ စီးပွားရေးပြန်လည်ဦးမော့စေရေးစီမံချက်ကို ရေးဆွဲဆောင်ရွက်လျက်ရှိမှု တို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပထမဦးစွာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံစုံကုန်သွယ်ရေးစနစ် ကျင့်သုံးဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေခြင်းနှင့် ဖြေလျှော့မှုများ မြှင့်တင်ခြင်းဖြင့် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ရန်၊ ဒုတိယအနေဖြင့် စီးပွားရေးနှင့် လူမှုရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် ပတ်ဝန်းကျင် တစ်ခုဖန်တီးရန်အတွက် အားလုံး ပါဝင်ဆောင်ရွက်ရန်၊ တတိယအနေဖြင့် ဒစ်ဂျစ်တယ်နှင့် နည်းပညာတီထွင်ဆန်းသစ်မှု အခွင့်အလမ်းများကို ရှာဖွေရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

 

မွန်းလွဲပိုင်းတွင် (၁၃) ကြိမ်မြောက် မဲခေါင်ဂျပန် စီးပွားရေးဝန်ကြီးများအစည်းအဝေးကို ကျင်းပရာ လာအိုနိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Khampheng Saysompheng နှင့် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Hiroshi Kajiyama တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး ၂၀၂၀ ပြည့်နှစ်၌ ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂျပန် စီးပွားရေးဝန်ကြီးများ အစည်းအဝေး၏ ဆွေးနွေးမှုရလဒ်များ၊ မဲခေါင် စက်မှုဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက် . လုပ်ငန်းအစီအစဉ်အောက်မှ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက် နေသည့် စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေနှင့် ဂျပန်နိုင်ငံက အဆိုပြုလာသည့် စီမံကိန်းများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မဲခေါင်ဒေသနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နိုင်ငံ၏ ကူညီပံ့ပိုးပေးမှုအပေါ် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုညီမျှစေရန်အတွက်  မဲခေါင်စက်မှုဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက် . သည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိနေသဖြင့် ယင်းလုပ်ငန်းအစီအစဉ်အောက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့်စီမံကိန်း၏ ဖြစ်ပေါ်တိုးတက်မှုများအပေါ် ကြိုဆိုပါကြောင်း၊ ဂျပန်နိုင်ငံမှ အဆိုပြုထားသည့် ဒီဂျစ်တယ် တီထွင်ဆန်းသစ်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်း များကို ကြိုဆိုပါကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် အရှေ့-အနောက် စီးပွားရေးစင်္ကြံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းများအပေါ် ဆက်လက်ပံ့ပိုးပေးစေလို ကြောင်းနှင့် ဒစ်ဂျစ်တယ်အခြေပြု ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ မဟာဗျူဟာနှင့် စပ်လျဉ်း၍ စွမ်းဆောင် ရည်မြှင့်တင်ရေး အစီအစဉ်များကို ပံ့ပိုးပေးစေ လိုကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် အာဆီယံ-ဆွစ်ဇာလန် Troika စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပရာ ဘရူနိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး H.E. Dato Dr. Amin Liew Abdullah နှင့် ဆွစ်ဇာလန်နိုင်ငံ စီးပွားရေးရာ၊ ပညာရေးနှင့် သုတေသနဌာန အကြီးအကဲနှင့် Swiss Confederation ၏ ဥက္ကဋ္ဌ H.E. Guy Parmelin တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး အာဆီယံနှင့် ဥရောပ လွတ်လပ်သော ကုန်သွယ်မှုအဖွဲ့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကြေညာချက် (မူကြမ်း) နှင့် အာဆီယံနှင့် ဆွစ်ဇာလန် နိုင်ငံတို့အကြား လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်များ (၂၀၂၂-၂၀၂၆)အောက်ရှိ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့ ပါသည်။

 

ဆက်လက်၍ (၂၄) ကြိမ်မြောက် အာဆီယံအပေါင်းသုံး စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ ဘရူနိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီး H.E. Dato Dr. Amin Liew Abdullah ၊ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Wentao Wang၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Hiroshi Kajiyama နှင့် ကိုရီးယားသမ္မတနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင် ဒုတိယဝန်ကြီး H.E. Dr. Yoonjong Chun တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး အာဆီယံအပေါင်းသုံး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၂) အပေါ် ဝန်ကြီးများက ဆွေးနွေးအတည်ပြုကြ၍ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများ လျော့နည်းစေရေး အာဆီယံ အပေါင်းသုံး လုပ်ငန်းစီမံချက်၏ ဖြစ်ပေါ် တိုးတက်မှုများကို မှတ်တမ်းတင်ခဲ့သည်။

(သတင်းစဉ်)