နေပြည်တော် ၂၉ ဇူလိုင်

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းသည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ video conferencing ဖြင့်ကျင်းပသည့် အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများ၏ ကိုဗစ်-၁၉ တုံ့ပြန်မှုဆိုင်ရာ အထူးအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးသည်။

 

1

 

အစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Tran Tuan Anh ကသဘာပတိအဖြစ် ဆောင်ရွက်ပြီး ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Kajiyama Hiroshi က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများက အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့တွင် လက်ရှိ ကိုဗစ်-၁၉ နှင့်စပ်လျဉ်းသည့် အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

 

ဒုတိယဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ အလေ့အကျင့်ကောင်းများနှင့် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့သည့် မူဝါဒများကို ဖလှယ်ခြင်းသည် တစ်နိုင်ငံချင်းအောင်မြင်မှုမှ ဒေသတွင်း အောင်မြင်မှုကိုပါ ရရှိစေနိုင်မည်ဖြစ်၍ စည်းလုံးညီညွတ်စွာ ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသော ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လက်ရှိရင်ဆိုင်နေရသည့် အရေးပေါ်ကိစ္စရပ်များနှင့် လူမှုစီးပွားထိခိုက်မှုများကို လျော့နည်းစေရေးအတွက် တစ်မျိုးသားလုံး ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု အစီအစဉ်ကိုလည်း ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက ယခုအစည်းအဝေးတွင် တင်ပြသည့် ASEAN-Japan Economic Resilience Action Plan အား အကောင်အထည်ဖော်ရာတွင် ဂျပန်နိုင်ငံနှင့် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

2

 

ထို့နောက် တက်ရောက်လာသောနိုင်ငံအလိုက် စီးပွားရေးဝန်ကြီးများက ASEAN-Japan Economic Resilience Action Plan ကို အတည်ပြုခဲ့ကြသည်။

 

အစည်းအဝေးတွင် အတည်ပြုခဲ့သည့် အဆိုပါလုပ်ငန်းစဉ်သည် ကိုဗစ်-၁၉ ကြောင့် ကြုံတွေ့နေရသောစိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် စုပေါင်းတုံ့ပြန်မှုတစ်ခုဖြစ်ပြီး လက်ရှိကြုံတွေ့ရသည့် စိန်ခေါ်မှုများအပြင် ကိုဗစ်-၁၉ အလွန်ကာလတွင် စီးပွားရေး ပြန်လည်ဦးမော့လာစေရေး အစီအစဉ်များဖြစ်သည့် ငွေကြေးထောက်ပံ့မှုများ၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးနှင့် နည်းပညာသစ်များ တီထွင်ဆန်းသစ် နိုင်ရေးအတွက် နည်းပညာထောက်ပံ့မှုများ၊ အစိုးရ-ပုဂ္ဂလိကနှင့် အတတ်ပညာရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားပေးသည့် အစီအစဉ်များ၊ smart cities များ ဖြစ်ပေါ်လာစေရေး ပူးပေါင်းဆောင်ရွက်မှုများ၊ Liquefied Natural Gas (LNG) ဈေးကွက် ဖွံ့ဖြိုးလာစေရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု အစီအမံများကိုပါ ထည့်သွင်းထားသည့်အတွက် အလုံးစုံပါဝင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်