ရန်ကုန် ၄ ဒီဇင်ဘာ
အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့်နှင့် အာဆီယံ-ကိုရီးယား ဗဟိုဌာနထူထောင်ခြင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အာဆီယံ-ကိုရီးယား ဗဟိုဌာန အထွေထွေအတွင်းရေးမှူးချုပ် Mr. Lee Hyuk ဦးဆောင်သည့် ASEAN - Korea Familiarization Tour ခရီးစဉ်၏ Business Networking Luncheon အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ Belmond Governor’s Residence ၌ ကျင်းပသည်။

အခမ်းအနားတွင် အာဆီယံ-ကိုရီးယား ဗဟိုဌာန အထွေထွေ အတွင်းရေးမှူးချုပ် Mr. Lee Hyuk က ကိုရီးယားသမ္မတနိုင်ငံမှ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ၊ မီဒီယာများ၊ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကိုရီးယား တီဗွီချန်နယ်နှင့် မီဒီယာများမှ မြန်မာနိုင်ငံရှိ ထင်ရှားသည့် ခရီးစဉ်ဒေသများ ဖြစ်သည့် ရန်ကုန်၊ ပုဂံနှင့် အင်းလေး ဒေသများကို ဒီဂျစ်တယ်နည်းပညာဖြင့် ဈေးကွက်ဖော်ဆောင်သွားမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။

အာဆီယံ-ကိုရီးယား ဗဟိုဌာနမှ ဦးဆောင်၍ ဒီဇင်ဘာ ၅ ရက်တွင် ပြည်သူများ အသိပညာပေးရန် အာဆီယ-ကိုရီးယား ခရီးသွားလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သန့်ဇင်ဝင်း