အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၁၈

 

အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို  ယနေ့ နံနက်  ၉ နာရီတွင် ရုံးအမှတ် ၃၅၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်၍  အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီး၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်၊ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဆိုင်ရာ လုပ်ငန်းအစုအဖွဲ့များမှ အရာရှိကြီးများနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ ပါဝင်တက်ရောက်ကြသည်။

 

ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က ၂၀၂၅ အာဆီယံ အခြေပြ မြေပုံပါ လုပ်ငန်း ဆောင်ရွက်မှုများသည် ၂၀၂၅ ခုနှစ်တွင် ပြီးမြောက်မည်ဖြစ်၍ အဆင့်မြင့် လုပ်ငန်းအဖွဲ့ (High Level Task Force) ဖွဲ့စည်းပြီး ၂၀၂၅ အလွန် အာဆီယံ အသိုက်အဝန်း၏ မျှော်မှန်းချက်တို့ကို ရေးဆွဲမည်ဖြစ်သောကြောင့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း မဏ္ဍိုင်အနေဖြင့် ထည့်သွင်းဆောင်ရွက်ရန် လိုအပ်သည့် အချက်(Core Elements)များကို စဉ်းစားရာ၌ အာဆီယံအသိုက်အဝန်းမဏ္ဍိုင် အချင်းချင်းသော်လည်းကောင်း၊ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်ရှိ လုပ်ငန်းအစုအဖွဲ့များအကြားသော်လည်းကောင်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့သောကိစ္စရပ်များ ပြည့်စုံမှုရှိ/မရှိဆိုသည်ကို ပြန်လည်သုံးသပ်၍ ဆွေး‌နွေးပေးစေလိုပါ ကြောင်း။

 

အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း အခြေပြမြေပုံ ၂၀၂၅ အကောင်အထည် ဖော်မှုဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်းပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍  အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းအခြေပြမြေပုံ ၂၀၂၅ ကို အကောင် အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ နှစ်လယ် အစီရင်ခံစာ-၂၀၂၀ (Mid Term Review -MTR)ကို ယနေ့ တက်ရောက်လာကြသည့် လုပ်ငန်းအစု အဖွဲ့အသီးသီး၏ ပံ့ပိုးကူညီမှုများဖြင့် ရေးသားတင်သွင်းနိုင်ခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ်သို့ မျှော်မှန်းထားသည့် ရည်မှန်းချက်များအတိုင်း ဆောင်ရွက်ခဲ့ရာ လမ်းတစ်ဝက်သို့ ကျော်လွန်ရောက်ရှိနေပြီး ၂၀၂၅ နှစ်ကုန်တွင် အာဆီယံ အသိုက်အဝန်းအနေဖြင့် ပြီးမြောက်အောင်မြင်မှုတို့ကို တိုင်းတာဖော်ပြရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယခုအချိန်ကတည်းက အချက်အလက်များပြည့်စုံစွာရှိစေရေး ပုံမှန်စုစည်းမှတ်တမ်းတင်သွားရန် လိုအပ်ပါကြောင်း၊ ယခင် (MTR) ရေးသားစဉ်က ရရှိခဲ့သည့် အတွေ့အကြုံများနှင့် စိန်ခေါ်မှုများကို ကောင်းစွာအသုံးချပြီး  ၂၀၂၅ အကုန်တွင် Data အချက်အလက်ပြည့်စုံစွာဖြင့် ရေးသားပြုစုနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးအောင်မြင့် ၊  မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ASCC ရုံးအဖွဲ့နှင့် မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဆိုင်ရာ လုပ်ငန်းအစုအဖွဲ့မှ အရာရှိကြီးများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး က            နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)