နေပြည်တော် ၅ ဩဂုတ်
မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်၏ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း အခြေပြမြေပုံ ၂၀၂၅ နှစ်လယ်အကဲဖြတ်မှု အစီရင်ခံစာ ရေးသားတင်သွင်းရေးဆိုင်ရာ နိုင်ငံအဆင့်အလုပ်ရုံဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် အမျိုးသားပြတိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အဆင့်မြင့်အရာရှိကြီး ဒေါက်တာဒေါ်ခင်ကြည်ပြာ (ပါမောက္ခချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် - မန္တလေး)၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်၏ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ လုပ်ငန်းအစုအဖွဲ့ (Sectoral Body) ၁၅ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ပြင်ပပညာရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည် ယခုအစိုးရ တာဝန်ယူစဉ်ကာလအတွင်း အာဆီယံ၏ လုပ်ငန်းတစ်စိတ်တစ်ဒေသဖြစ်သည့် လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ အခြေပြမြေပုံ (၂၀၂၅)ပါ လုပ်ငန်းများအတွက် ဆောင်ရွက်ပြီးစီးမှု ကဏ္ဍများနှင့်ပတ်သက်၍ နိုင်ငံအဆင့် နှစ်လယ် အကဲဖြတ်မှုကို အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသို့ ဆက်လက်တင်ပြနိုင်ရေး ဆောင်ရွက်ကြမည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်သည့်အတွက် အဓိပ္ပါယ် သက်ရောက်မှုများရှိ၍ လေးနက်မှုရှိမည်ဟု ပြောကြားလိုပါကြောင်း၊ ထို့အပြင် ဩဂုတ် ၈ ရက်နေ့၌ ကျရောက်မည့် “ASEAN Day” ကိုလည်း ဂုဏ်ပြုရာလည်း ရောက်သည့်အတွက် ထပ်ဆင့်မင်္ဂလာရှိမှုများလည်း ဖြစ်စေပါကြောင်း၊ အာဆီယံ၏ မဏ္ဍိုင် ၃ ခုဖြစ်သည့် နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ အသိုက်အဝန်းမဏ္ဍိုင်၊ စီးပွားရေးဆိုင်ရာ အသိုက်အဝန်းမဏ္ဍိုင်နှင့် လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်တို့သည် အာဆီယံဒေသတွင်း၌ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကြွယ်ဝပြည့်စုံရေးတို့ကို ပူးပေါင်းဆောင်ရွက်နိုင်ရန် နီးကပ်စွာ ဆက်နွယ်လျက်ရှိပြီး အသိုက်အဝန်း မဏ္ဍိုင်အချင်းချင်း အပြန်အလှန် အထောက်အကူ ပြုလျက်ရှိကြပါကြောင်း၊ အသိုက်အဝန်း မဏ္ဍိုင် ၃ ခုကို ပေါင်းစပ်၍ အာဆီယံအသိုက်အဝန်း တစ်ရပ်ကို စတင်ဖော်ဆောင်နိုင်ရေးအတွက် ၂၀၀၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်၌ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံ ခေါင်းဆောင်များက ASEAN Concord II (Bali Concord II) ကြေညာစာတမ်းကို သဘောတူချမှတ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နောက်ဆုံးထား၍ အာဆီယံအသိုက်အဝန်း တစ်ရပ်ကို ဖော်ဆောင်ရန် ရည်မှန်းခဲ့ကြပါကြောင်း။
ထို့အပြင် ၂၀၁၅ ခုနှစ်၌ အာဆီယံ အသိုက်အဝန်း ထူထောင်ရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် ရည်မှန်း၍ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့၌ ကျင်းပခဲ့သည့် ၁၂ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၌ စီဘူး ကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ ဆက်လက်၍ စင်ကာပူနိုင်ငံ၌ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည့် ၁၃ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးက အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် အခြေပြမြေပုံကို ရေးဆွဲရန် သဘောတူညီမှု ရရှိပြီး ၂၀၀၈ ခုနှစ် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးက စတင်၍ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ လုပ်ငန်းများ စတင်အသက်ဝင်လာခဲ့ရာ အာဆီယံဒေသတွင်း နိုင်ငံများအတွက် အာဆီယံ အတွင်းရေးမှူးချူပ်ရုံးက သက်ဆိုင်ရာ အသိုက်အဝန်း မဏ္ဍိုင်များအလိုက် ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းများ ပါဝင်သော အခြေပြမြေပုံကို ၂၀၀၉ ခုနှစ်၌ စတင်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ပထမအခြေပြမြေပုံကို ၂၀၀၉-၂၀၁၅ ကာလဟု ရေးဆွဲခဲ့ကြပြီး ဒုတိယအခြေပြမြေပုံကို ၂၀၁၆-၂၀၂၅ ကာလဟု ရေးဆွဲခဲ့ကြပါကြောင်း၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ အခြေပြမြေပုံပါ လုပ်ငန်းစဉ်များသည် ၂၀၂၅ ခုနှစ်၌ ပြီးဆုံးမည်ဖြစ်ပါကြောင်း။
အဆိုပါ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အခြေပြမြေပုံပါ လုပ်ငန်းစဉ်များအရ တွေ့ကြုံရမည့် ပြဿနာများ၊ ရရှိလာမည့် အကျိုးအမြတ်များကို ပုံမှန်အစီရင်ခံနိုင်စေရန်အတွက် အဖွဲ့ဝင်နိုင်ငံအသီးသီးက ယခုကဲ့သို့ အမျိုးသားအဆင့် အကဲဖြတ် သုံးသပ်နိုင်မည့် လုပ်ငန်းစဉ်များ ချမှတ်၍ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ယခုထွက်ပေါ်လာသည့် အကဲဖြတ်မှုများကို လေ့လာသုံးသပ်ပြီး ၂၀၂၅ ခုနှစ်အပြီးတွင်ထပ်မံ၍ အခြေပြမြေပုံ လုပ်ငန်းစဉ်များကို အသစ်ထပ်မံရေးဆွဲရမည် ဖြစ်ပါကြောင်း၊ အာဆီယံခေါင်းဆောင်ကြီးများက အမြှော်အမြင်ကြီးစွာဖြင့် အာဆီယံဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေပြမြေပုံပါ လုပ်ငန်းများကို အတည်ပြုသဘော တူချမှတ်ခဲ့ခြင်း၏ အကျိုးရလဒ်ပင် ဖြစ်ပါကြောင်း သို့ဖြစ်ပါ၍ အာဆီယံ ခေါင်းဆောင်ကြီးများ အစပျိုးခဲ့သည့် လုပ်ငန်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် တာဝန်ဝတ္တရားများရှိကြပါကြောင်း၊ ဒုတိယအခြေပြမြေပုံ၏ နှစ်လယ်အကဲဖြတ်မှု အစီရင်ခံစာကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ သတ်မှတ်ကာလအတွင်း အချိန်မီပေးပို့ တင်ပြနိုင်ရေးအတွက် အားလုံးက တညီတညွတ်တည်း ပူးပေါင်း ဆောင်ရွက်နေကြခြင်းဖြစ်ပါကြောင်း၊ Mid-term Review နှင့်ပတ်သက်၍ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ ပြင်ပပညာရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို Online Meeting စနစ်ဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ကြပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၌ ကျင်းပမည့် ၃၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်ကြီးများ အတည်ပြုပေးနိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် အချိန်မီပေးပို့နိုင်ရေး ဆက်လက်ပူးပေါင်း ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ၏ ဆက်စပ်ဝန်ကြီးဌာနများဖြစ်ကြသော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ရှိ လုပ်ငန်းအစုအဖွဲ့ (Sectoral Body) ၁၅ဖွဲ့မှ ကိုယ်စားလှယ်များက ဩဂုတ် ၆ ရက်အထိ ဆက်လက်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
