နေပြည်တော်၊ စက်တင်ဘာ ၂၂
ကမ္ဘာလုံးဆိုင်ရာ စာရင်းဇယားများအရ Meeting, Incentive, Convention, Exhibition (MICE) ခရီးသွားလုပ်ငန်း၏ ဝင်ငွေသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၃၄ ဘီလီယံ ကျော် ရှိပြီး ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၁၉ ဒသမ ၃ ဘီလီယံ ကျော်အထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း၊ MICE ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် အလုပ်အကိုင်အခွင့်အလမ်းများကို ၂၀၁၉ ခုနှစ်တွင် (၄ ဒသမ ၇) သန်း ရှာဖွေပေးနိုင်ခဲ့ပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်သည့် အတွက် MICE ခရီးသွားလုပ်ငန်းမှာ စနစ်တကျနှင့် အလေးထားဆောင်ရွက်သင့်သော ကဏ္ဍ တွင် ပါဝင်လျက်ရှိသည်။
အဆိုပါ MICE ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်ဆောင်ရွက်နေသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ အစိုးရနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူ များအနေနှင့် အာဆီယံမှ ထုတ်ပြန်ထားသော MICE ဆိုင်ရာ စံနှုန်းများကို ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေးနှင့် သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျ လိုက်ပါဆောင်ရွက်နိုင်ရေး ရည်ရွယ် ၍ အာဆီယံ MICE စံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပ သည်။
အသိပညာပေးဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း အတွက် Forbes website မှ ထုတ်ပြန်ထားသော သုတေသနလေ့ လာချက်အရ The World’s 50 Most Beautiful Countries စာရင်းတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း စသည်နိုင်ငံ များနှင့်အတူ မြန်မာနိုင်ငံအနေဖြင့် အမှတ်စဉ် (၄၁) တွင် ပါဝင်လာခဲ့ပါကြောင်း၊ နိုင်ငံအလိုက် Natural Wonders များအပေါ်တွင် Survey ဖြေဆိုသူများ၏ အကဲဖြတ်ရလဒ်များ ဖြစ်သည့် အတွက် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းကဏ္ဍတွင် အလားအလာကောင်းများ ရှိနေပကြောင်း ပြောကြား သည်။
အာဆီယံ MICE (Meeting Venue) စံနှုန်းကို ထိုင်းနိုင်ငံက ဦးဆောင်ရေးဆွဲခဲ့ပြီး အစည်းအဝေးခန်းမစံနှုန်းကို ၂၀၁၆ ခုနှစ်၊ မတ်လတွင် အတည်ပြုခဲ့ကြောင်း၊ စံနှုန်းများကို အဓိကအားဖြင့် Physical အပိုင်း၊ Technology အပိုင်းနှင့် Services အပိုင်းစသည်ဖြင့် အခြေခံ (၃) မျိုးကို ဦးတည်ထားကြောင်း၊မြန်မာနိုင်ငံအနေဖြင့် အာဆီယံ MICE အစည်းအဝေး ခန်းမဆု (၁၂) ခု ရရှိထားပြီး ပြပွဲခန်းမဆိုင်ရာစံနှုန်းကို ၂၀၁၈ ခုနှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့ကာ ယခု နှစ် အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၂ ၌ ပထမ အကြိမ်အနေဖြင့် ပေးအပ်ချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံမှ Exhibition Venue ဆု (၂) ခု ရယူထားခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ဥက္ကဋ္ဌက အမှာစကားပြောကြားခဲ့ပြီး ဘာသာရပ်ဆိုင်ရာအရာထမ်းများက အာဆီယံ MICE (Event) စံနှုန်းများ၊ Exhibition စံနှုန်းများနှင့် Meeting စံနှုန်းများအကြောင်းကို ရှင်းလင်းတင်ပြခဲ့ကြရာ တက်ရောက်လာကြ သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)