mdn

၂၁ ဇွန်

ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၁၉ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇွန် ၂၂ ရက် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မြန်မာကလပ် MIU အသင်းအနေဖြင့် ဗိုလ်လုပွဲသို့ ပထမဆုံး တက်ရောက်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင် စတင်ကျင်းပ ခဲ့ပြီး ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တွင် အုပ်စုပတ်လည်စနစ်ဖြင့် ကျင်းပကာ အမှတ်အများဆုံး နှစ်သင်းက ဗိုလ်လုပွဲ၊ အဆင့် ၃ နှင့် ၄ နေရာရအသင်းတို့က တတိယလုပွဲ ပြန်လည်ကစားရခြင်းဖြစ်သည်။ 

၂၀၁၇ ခုနှစ်တွင် ပြိုင်ပွဲကျင်းပသည့်ပုံစံ ပြောင်းလဲခဲ့ပြီး အုပ်စုနှစ်ခုခွဲကာ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲ၊ တတိယလုပွဲ ကစားရခြင်းဖြစ်သည်။ MIU အသင်းသည် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြီးခဲ့သည့်သုံးကြိမ်တွင် တတိယဆုရခဲ့ပြီး ပုံစံသစ်ဖြင့် ကျင်းပသည့်ပြိုင်ပွဲများအနက် ၂၀၁၈ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည်။ 

ထို့ကြောင့် MIU အသင်းသည် ယခုနှစ်တွင် ပထမဆုံး ဗိုလ်လုပွဲတက်ရောက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်တွင် နာမည်ကြီးထိုင်းကလပ်ကို ရှောင်နိုင်ခဲ့သောကြောင့် ဗိုလ်လုပွဲတက်ရန် မျှော်လင့်ချက်ရှိနေခြင်းဖြစ်သည်။ MIU အသင်းသည် ၂၀၁၅၊ ၂၀၁၆ နှင့် ၂၀၁၈ ခုနှစ်တွင် တတိယဆုရခဲ့ပြီး ယခုပြိုင်ပွဲတွင် ပိုမိုမြင့်မားသည့်အောင်မြင်မှုရရန် အခွင့်အရေးရှိနေခြင်းဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲများအဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် MIU (မြန်မာ) နှင့် ဆန်နာတက် (ဗီယက်နမ်)၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ချောင်ဘူရီ (ထိုင်း) နှင့် Down Town (ကမ္ဘောဒီးယား) တို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

MIU အသင်းသည် အုပ်စုနှစ်ပွဲစလုံး အနိုင်ရခဲ့ပြီး ပထမပွဲတွင် မလေးရှားကလပ် မီလာကာယူနိုက်တက် အသင်းကို ခုနစ်ဂိုး-နှစ်ဂိုး၊ ဒုတိယပွဲတွင် ကမ္ဘောဒီးယားကလပ် Down Town အသင်းကို ကိုးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ MIU အသင်းသည် နှစ်ပွဲစလုံး ဂိုးပြတ်အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်တွင် တွေ့ဆုံနေသည့် ဗီယက်နမ်ကလပ်အသင်းမှာ ယင်းနှစ်သင်းထက် ကစားပုံပိုကောင်းသောကြောင့် ပိုမိုအားထုတ်ရဖွယ်ရှိနေသည်။ ဗီယက်နမ်ကလပ် ဆန်နာတက်အသင်းသည် အုပ်စုပထမပွဲတွင် အင်ဒိုနီးရှားကလပ် ဘလက်စတီးအသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ဒုတိယပွဲတွင် ထိုင်းကလပ် ချောင်ဘူရီအသင်းကို ရှစ်ဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် အုပ်စုဒုတိယနေရာသာရခဲ့ခြင်းဖြစ်သည်။

အုပ်စုပွဲများအပြီးတွင် တစ်ရက်အနားရထားသောကြောင့် MIU အသင်းသည် ပြင်ဆင်ချိန်ရထားပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇွန် ၂၂ ရက်၊ ဗိုလ်လုပွဲနှင့် တတိယလုပွဲကို ဇွန် ၂၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

ရဲရင့်ရှိုင်း