၂၄  ဇွန် 

မြန်မာကလပ် MIU အသင်းသည် အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်သည့်အကြိမ်တိုင်း ဆုရသည့်အစဉ်အလာကို ယခုနှစ်တွင်လည်း ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး တတိယဆုရရှိခဲ့သည်။ 

MIU အသင်းသည် ယင်းပြိုင်ပွဲတွင် လေးကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လေးကြိမ်စလုံး တတိယဆုရခဲ့ခြင်းဖြစ်သည်။ MIU အသင်းသည် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၈၊ နှင့် ၂၀၁၉ ခုနှစ်တွင်ဆုရခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ဗိုလ်လုပွဲရောက်ရန် မျှော်မှန်းခဲ့သော်လည်း တတိယဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ ၂၀၁၉ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို ဇွန် ၁၈ ရက်မှ ၂၃ ရက်အထိ ထိုင်းနိုင်ငံ နာခွန်ရတ်ချက်စီမာမြို့၌ ကျင်းပခဲ့ပြီး MIU အသင်းသည် တတိယလုပွဲအဖြစ် ကမ္ဘောဒီးယားကလပ် Down Town အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ကိုးဂိုး-ငါးဂိုးဖြင့် အနိုင်ရခဲ့သည်။ ဆီမီးဖိုင်နယ်တွင် ခြေစွမ်းမပြနိုင်ဘဲ ရှုံးနိမ့်ခဲ့သည့် MIU အသင်းသည် ယခုပွဲတွင် ပုံစံကောင်းပြသနိုင်ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့သည်။ 

MIU အသင်းသည် ပထမပိုင်းတွင် လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရနေသော်လည်း ဒုတိယပိုင်းတွင် လေးဂိုးအထိ ပေးလိုက်ရသောကြောင့် အားကုန်ထုတ်ကစားခဲ့ရပြီး ပွဲပြီးခါနီးမှ ဂိုးများဆက်တိုက်ရခဲ့ခြင်းဖြစ်သည်။ ပွဲအစ ၃ မိနစ်တွင် ကိုကိုလွင်က MIU အသင်းအတွက် ဂိုးစတင်သွင်းယူခဲ့ပြီး ၆ မိနစ်တွင် ပြည့်ဖြိုးမောင်-၃၊ ၉၊ ၁၀ မိနစ်တွင်လှိုင်မင်းထွန်းတို့က သွင်းယူခဲ့သည်။ ဒုတိယပိုင်းအစတွင် Down Town အသင်းက ချေပဂိုးများဆက်တိုက်သွင်းယူခဲ့သောကြောင့် MIU အသင်း လက်ကျန်မိနစ်များတွင် အားကုန်ထုတ်ကစားခဲ့ရပြီး ၃၁ မိနစ်တွင် ပြည့်ဖြိုးမောင်-၂၊ ၃၅ မိနစ်တွင် ကျော်ကျော်ထွန်း၊ ၃၇၊ ၃၈၊ ၃၉ မိနစ်တွင် ပြည့်ဖြိုးမောင်-၃ က သွင်းယူခဲ့သည်။ ဗိုလ်လုပွဲတွင် ထိုင်းကလပ် ချောင်ဘူရီအသင်းက ဗီယက်နမ်ကလပ် ဆန်နာတက်အသင်းကို ကိုးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-MIU FC