နေပြည်တော် ၅ စက်တင်ဘာ
(၃၇)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့်အတူ ပူးတွဲကျင်းပသည့် (၃၇) ကြိမ်မြောက် အာဆီယံ စွမ်းအင်ဆိုင်ရာဖိုရမ် (ASEAN Energy Business Forum) ကို စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည်။
အဆိုပါဖိုရမ်တွင် အာဆီယံစွမ်းအင်ဆိုင်ရာ ဆုရရှိသူများအား ဆုချီးမြှင့်သည့် အစီအစဉ်တစ်ရပ်ပါဝင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် အာဆီယံစွမ်းအင်ဆိုင်ရာ ဆုပြိုင်ပွဲတွင် On-Grid- Local Grid ခေါင်းစဉ်ဖြင့် အာဆီယံပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းဆိုင်ရာဆု (ASEAN Energy Award - Winner)ရရှိခဲ့သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်)ဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများအနက်မှ အသေးစားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ခန္တီးကျွန်းရွာရှိ ဆိုလာအသေးစားဓာတ်အားစနစ်ကို အထူးပြု၍ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်း ပြင်ပအစီအစဉ်) ကို (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်မှစတင်၍ ဆောင်ရွက်ခြင်း ဖြစ်ပြီးယခု(၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်တွင် မဟာဓာတ်အားလိုင်းပြင်ပ အစီအစဉ်အရ အိမ်သုံးဆိုလာစနစ်ဖြင့်ကျေးရွာပေါင်း (၂၄၈၉)ရွာရှိအိမ်ခြေပေါင်း (၁) သိန်းကျော်နှင့် အသေးစားဓာတ်အားစနစ်ဖြင့် ကျေးရွာပေါင်း (၃၈) ရွာရှိ အိမ်ခြေ (၁၀ဝ၂၅) တို့အတွက် ဆောင်ရွက်လျက်ရှိသည်။ (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်မှ(၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်အထိ သုံးနှစ်တာကာလအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုအသေးစားဓာတ်အားစနစ်နှင့် အိမ်သုံးဆိုလာစနစ်များ ဆောင်ရွက်ပေးခြင်းဖြင့် တပ်ဆင်စွမ်းအင် (Installed Capacity) (၁၃၇) မဂ္ဂါဝပ်ခန့်ထိ ထုတ်လုပ်နိုင်ခဲ့ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှု (CO2 Emission) (၈၁၀ ဒသမ ၉၁) တန် (tCO2e) ခန့် လျော့ချပေးနိုင်မည်ဖြစ်သည်။
အဆိုပါ(၃၇) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဖိုရမ်အထိမ်းအမှတ် ညစာစားပွဲနှင့်ဆုချီးမြှင့်ပွဲသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်တက်ရောက်၍ ဆုလက်ခံရယူခဲ့ကြောင်း သိရသည်။
ဖိုရမ်သို့အာဆီယံ(၁၀)နိုင်ငံမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှလုပ်ငန်းရှင်များ စုစုပေါင်း (၅၀ဝ) ကျော် ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


