နေပြည်တော် ဇွန် ၂၈

 

အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန် ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နေပြည်တော်မှ ပါဝင်တက်ရောက်သည်။

 

ဆွေးနွေးပွဲသို့ ရုရှားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် မြင့်ကျော်ထွန်းနှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်ရွှေထွန်း တို့ ပါဝင်တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲ၌ Secretary of the Security Council of the Russian Federation, Nikolai Patrushev နှင့် အာဆီယံ- ရုရှား ဆွေးနွေးပွဲအတွက် ညှိနှိုင်းရေးတာဝန်ခံနိုင်ငံဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံမှ Acting Deputy for Foreign Policy Coordination, Coordinating Ministry for Political, Legal and Security Affairs, Dr. Pribadi Sutino တို့က အဖွင့်အမှာစကား ပြောကြားကြပြီး အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံရေးရာနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့် စိန်ခေါ်မှုများအပေါ် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့က တစ်နိုင်ငံချင်းအလိုက် ဆွေးနွေးကြသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံ တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်လာပြီးနောက် အာဆီယံ အဖွဲ့ဝင်များ အကြား အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံရေးကို ကျင့်သုံးလာသကဲ့သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အပါအဝင် အာဆီယံ၏ အခြားဆွေးနွေးဘက် နိုင်ငံများနှင့်လည်း သာတူညီမျှ မိတ်ဝတ်မပျက် ဆက်ဆံရေးကို ထူထောင်ထားရှိခဲ့ကြောင်း၊  မြန်မာနိုင်ငံသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဆွေးနွေးဘက်နိုင်ငံ တစ်ခုအဖြစ်သာမက မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့သည် အာရှ-ပစိဖိတ် ဒေသအတွင်း တည်ရှိသောကြောင့် အာရှ-ပစိဖိတ် ဒေသတွင်းရှိ နိုင်ငံရေးဆိုင်ရာ မူဝါဒနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ဘုံသဘောထား ရပ်တည်ချက်ထားရှိရန် လိုအပ်ကြောင်း၊ မိမိတို့အားလုံးအနေဖြင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်ဆိုင်ရလျက်ရှိကြောင်း၊  ဒေသတွင်းရှိ ပင်လယ်ရေကြောင်း ဆိုင်ရာ လုံခြုံရေး၊ စွမ်းအင်ဆိုင်ရာလုံခြုံရေး၊ အကြမ်းဖက် အန္တရာယ်၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေးနှင့် တရားမဝင်ရွှေ့ပြောင်းသွားလာမှု တားဆီးကာကွယ်ရေးတို့မှ အစပြု၍ လူသားဆိုင်ရာလုံခြုံရေးနှင့် အစားအသောက်ဆိုင်ရာ လုံခြုံရေးအထိပါ အာဆီယံနှင့် ရုရှားဖက်ဒရေးရှင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊            အာဆီယံဒေသနှင့် အာရှ -ပစိဖိတ် ဒေသအတွင်း နိုင်ငံရေးဆိုင်ရာတိုးတက်မှုတစ်ရပ်အနေဖြင့် မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ မဲဆန္ဒရှင် ၉၀ ရာခိုင်နှုန်းကျော် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲပြဌာန်းနိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို ကျင်းပကာ အများစုအနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာလွှဲအပ် ပေးနိုင်ခဲ့ကြောင်း၊ သို့သော် ၂၀၁၅ တွင် ရွေးကောက်ပွဲ အနိုင်ရရှိလာသော နိုင်ငံရေးပါတီသည် သတင်းမီဒီယာ လွတ်လပ်ခွင့်များ အပါအဝင် ဒီမိုကရေစီ အခွင့်အရေးများကို ပိတ်ပင်တားဆီးခဲ့သည့်အပြင် စီးပွားရေးကဏ္ဍတွင်လည်း မှားယွင်းသည့် မူဝါဒများကြောင့် မြန်မာကျပ်ငွေ တန်ဖိုးလျော့နည်းကျဆင်းခြင်းများ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း။

 

၂၀၂၀ တွင် ကျင်းပသည့် ရွေးကောက်ပွဲတွင်လည်း တစ်ပါတီတည်း အများစုအနိုင်ရရှိရန် မဲမသမာမှုများ အပါအဝင် မတရားသည့် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ရာ မတရားသဖြင့် အနိုင်ရ ရှိခဲ့ကြောင်း၊ ထိုသို့ မဲမသမာမှုများကြောင့် လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ စနစ်အပေါ် ယုံကြည်မှု ကင်းမဲ့လာခဲ့ကြောင်း၊ သို့သော် အနိုင်ရပါတီသည် အဆိုပါရွေးကောက်ပွဲ ရလဒ်အပေါ် အသိအမှတ်ပြုပြီး လွှတ်တော်ခေါ်ယူရန် ကြိုးပမ်းခဲ့သဖြင့် ဖေဖော်ဝါရီ(၁)ရက်တွင် မလွှဲ မရှောင်သာပဲ အာဏာကို ထိန်းသိမ်းခဲ့ရကြောင်း၊ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း။

 

သို့သော် ဖေဖော်ဝါရီ ၂၈ ရက်မှစတင်ကာ ဆူပူအကြမ်းဖက်သူများသည် လမ်းမများကို ပိတ်ဆို့ခြင်း၊ ဓာတ်ဆီပုလင်းဗုံး၊ လက်ပစ်ဗုံး၊ သေနတ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြန်လည်ပစ်ခတ်ခြင်းတို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံမှုကို ထိန်းသိမ်းနိုင်ရန် ခြောက်လှန့်ပစ်ခတ် လူစုခွဲ ထိန်းသိမ်းခဲ့ရကြောင်း၊ သို့သော် အဖျက်အမှောက် လုပ်ငန်းများသည် ရပ်တန့်သွားခြင်းမရှိကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီက ဦးဆောင်၍ လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကို တရားမဝင်ဖွဲ့စည်းပြီး နိုင်ငံတော်ဆန့်ကျင်ရေး အဖျက်အမှောက် လုပ်ငန်းများကို တန်ပြန်ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်း CRPH မှ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကိုစင်ပြိုင်ဖွဲ့စည်းကာ နိုင်ငံတကာနှင့် ဆက်သွယ်ခြင်း၊ အာဆီယံအဖွဲ့နှင့် ဆက်သွယ်ခြင်းတို့ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရကို သံတမန်ရေး အကျပ်အတည်းနှင့် စီးပွားရေးအကျပ်အတည်းတို့ ပေါ်ပေါက်စေရန် ဆောင်ရွက်လျက် ရှိကြောင်း။

 

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အာဏာကို စတင်တာဝန်ယူစဉ်ကတည်းက ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ကာ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် “နိုင်ငံတော်အား အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆောင်ရွက်သွားနိုင်ရန်” ဟူ၍ ပါဝင်ကြောင်း။

 

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသား လူမျိုးစုအားလုံး လိုလားတောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ရပ် ဖေါ်ဆောင်နိုင်ရေးသာမက နိုင်ငံရေးဖွံဖြိုးတိုးတက်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတို့အတွက်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက အားထုတ်ကြိုးပမ်းလျက် ရှိကြောင်း၊ ထို့ပြင် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာရေးနှင့် တစ်ပါတီ အာဏာရှင်စနစ်သို့ သွေဖယ်မသွားစေရေးအတွက် တပ်မတော်တွင် အပြည့်အဝ တာဝန်ရှိနေဆဲ ဖြစ်ကြောင်း၊ ထိုသို့ ကြိုးပမ်းရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်များကိုချုပ်ဆိုခဲ့သည့်အပြင် နိုင်ငံရေးစားပွဲဝိုင်းတွင်လည်း တန်းတူရည်တူဆွေးနွေး ညှိနှိုင်း လျက်ရှိကြောင်း၊ ကမ္ဘာ့မိသားစုဝင်နိုင်ငံတစ်ခု ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသည် အာရှ - ပစိဖိတ် ဒေသအတွင်းရှိ နိုင်ငံရေးနှင့် လုံခြုံရေးအတွက်အခြားနိုင်ငံများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊   လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် အခက်အခဲများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး အာဆီယံဒေသတွင်းနှင့် အာရှ-ပစိဖိတ်ဒေသ၏ လုံခြုံရေးအခြေအနေများအပေါ် သက်ရောက်မှုရှိမည် မဟုတ်ကြောင်း၊ ထို့ပြင် အာဆီယံ ဒေသတွင်းရှိ နိုင်ငံရေးရာနှင့် လုံခြုံရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက်   Secretary of the Security Council of the Russian Federation, Nikolai Patrushev နှင့် အာဆီယံ- ရုရှား ဆွေးနွေးပွဲအတွက် ညှိနှိုင်းရေးတာဝန်ခံ နိုင်ငံဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံမှ Acting Deputy for Foreign Policy Coordination, Coordinating Ministry for Political, Legal and Security Affairs, Dr. Pribadi Sutino တို့က နိဂုံးချုပ်အမှာစကား ပြောကြားကြပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

                                                           

သတင်းစဉ်