နေပြည်တော်၊ ဒီဇင်ဘာ ၇
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကမ်းလွန်ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက် အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-ရုရှား ရေတပ်ဆိုင်ရာလေ့ကျင့်ခန်း ASEAN-RUSSIA Naval Exercise (ARNEX-2021) သို့ တက်ရောက်ခဲ့သော တပ်မတော် (ရေ) မှ ဗိုလ်မှူးချုပ် ဇော်ဇော်လတ် ဦးဆောင်သည့် စစ်ရေယာဉ် (ကျန်စစ်သား) သည် ယနေ့ ညမန်နေပိုင်းတွင် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိခဲ့ပြီး အလယ်ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဦးဆောင်၍ တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ် ဆက်ခဲ့ကြသည်။
အဆိုပါ အာဆီယံ-ရုရှား ရေတပ်ဆိုင်ရာ လေ့ကျင့်ခန်းသို့ တက်ရောက်ရန်အတွက် စစ်ရေယာဉ် (ကျန်စစ်သား) သည် နိုဝင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၊ BELAWAN ဆိပ်ကမ်းအနီးသို့ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။ ၎င်းနောက် ASEAN-RUSSIA Naval Exercise (ARNEX-2021) ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ အာဆီယံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Alexander Ivanov ၊ အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Lyudmila Vorobyeva၊ အင်ဒိုနီးရှားရေတပ်မှ အမှတ်(၁)စစ်ရေယာဉ်စုမှူး ဗိုလ်ချုပ် Arsyad Abdullah နှင့် အာဆီယံနိုင်ငံများမှ တာဝန်ရှိသူများ၊ စစ်သံမှူးများ တက်ရောက်ကြပြီး လေ့ကျင့်ခန်းတွင်ပါဝင်သည့် စစ်ရေယာဉ်များမှ Virtual Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
စစ်ရေယာဉ် (ကျန်စစ်သား) သည် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ အာဆီယံနှင့် ရုရှားရေတပ်တို့မှ စစ်ရေယာဉ်များ၊ လေယာဉ်/ရဟတ်ယာဉ်များနှင့်အတူ ဆူမတြား ကမ်းလွန်ပင်လယ်ပြင်တွင် ရေယာဉ်များ ပုံပြုမောင်းနှင်ခြင်း၊ သံသယဖြစ်ဖွယ်ရေယာဉ်များအား ရှာဖွေထောက်လှမ်းခြင်းနှင့် ရေယာဉ်ပေါ်သို့ တက်ရောက် ရှာဖွေစီးနင်းခြင်း၊ အချက်ပြဆက်သွယ်ခြင်း၊ ကာကင်းထုတ် ချီတက်ခြင်း ၊ ပျက်စီးထိန်းဆောင်ရွက်မှု၊ စစ်နည်းဗျူဟာဆိုင်ရာ သင်ခန်းစာများ အပြန်အလှန် မေးမြန်းခြင်း၊ ပင်လယ်ပြင်ထောက်ပံ့ ဖြည့်တင်းရေး ဆောင်ရွက်ခြင်း၊ ရေယာဉ်များပေါ်သို့ ရဟတ်ယာဉ်ဆင်းသက်ခြင်း၊ ညအချိန်ရေယာဉ်အုပ်လိုက် ချီတက်ခုတ်မောင်းခြင်း၊ ရှာဖွေကယ်ဆယ်ရေး စသည့် လေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ကြသည်။ ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် လေ့ကျင့်ခန်းပြီးဆုံး၍ ပိတ်ပွဲအခမ်းအနားကို ပင်လယ်ပြင်တွင် ဆောင်ရွက်ခဲ့ပြီး စစ်ရေယာဉ်များအချင်းချင်း အပြန်အလှန် နှုတ်ဆက်ကြသည်။
အာဆီယံ-ရုရှား ရေတပ်ဆိုင်ရာလေ့ကျင့်ခန်း ASEAN-RUSSIA Naval Exercise (ARNEX- 2021)တွင် မြန်မာနိုင်ငံမှ စစ်ရေယာဉ်(ကျန်စစ်သား)၊ ရုရှားနိုင်ငံမှ ဖျက်သင်္ဘော Admiral Panteleyev တို့ အပါအဝင် အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်း၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ စစ်ရေယာဉ် ၈ စီး၊ ရဟတ်ယာဉ် ၃ စင်းနှင့် ပင်လယ်ရေကြောင်း ကင်းထောက်လေယာဉ် ၁ စင်းတို့ ပါဝင်ခဲ့ကြပြီး လာအို၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ လေ့လာသူကိုယ်စားလှယ်များ စေလွှတ်တက်ရောက်ခဲ့ကြသည်။ ယခု လေ့ကျင့်ခန်းသည် ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား နှစ်ပေါင်း ၃၀ ကြာ ဆက်ဆံရေး ခိုင်မြဲသည့် အထိမ်းအမှတ်အဖြစ် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုနှင့်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ရရှိရန် လေ့ကျင့်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံနှင့် မဟာဗျူဟာမြောက် အာဆီယံမိတ်ဖက်နိုင်ငံများအကြား သမိုင်းစာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အာဆီယံ-ရုရှားရေတပ်များ ပူးတွဲလေ့ကျင့်သည့် ပထမဦးဆုံးသော ရေတပ်လေ့ကျင့်ခန်း တစ်ခုဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)သည် ယခုခရီးစဉ်တစ်လျှောက် စုစုပေါင်းရေမိုင် (၃၀၀၀) မိုင်ခန့်ကို ခရီးနှင်ခဲ့ပြီး ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေးအတွက် ဦးတည်ဆောင်ရွက်သည့် အာဆီယံ-ရုရှား ရေတပ်ဆိုင်ရာလေ့ကျင့်ခန်းတွင် အောင်မြင်စွာ ပူးပေါင်းလေ့ကျင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်